Season 1 ~ Chapter 1

3.9K 26 0
                                    

Season 1 ~ Chapter 1

"ဒါနဲ့ဆို ဒီတစ်ပတ်အတွင်းမှာ ငါးယောက်မြောက်ပဲ"

စုံထောက်ကိုသီဟ၏အသံက စိတ်ပျက်လက်ပျက် အားအင်ကုန်ခမ်းနေသည့်အသံ။ သူတို့နှစ်ယောက်ကို ဦးတည် ပြောနေသည်နှင့် မတူဘဲ သူ့ဘာသာ တစ်ယောက်တည်း ညည်းညူနေသလိုမျိုး။

မေရွက်ဝါက မြေပြင်ပေါ် လဲကျနေသည့် မိန်းကလေးအလောင်းကို စေ့စေ့စပ်စပ် ကြည့်နေဆဲ။ သွေးသစ်က အခြားသူများ မကြားစေဘဲ စကားပြောလို့ရအောင် ကိုသီဟကို သူတို့ဘေးမှ လမ်းမြှောင်တစ်ခုအတွင်း ဆွဲခေါ်ခဲ့သည်။

"အစ်ကို ကျွန်တော်တို့ကို စောစောကတည်းက ဘာလို့ မခေါ်တာလဲ"

"ဟ ငါ့ညီရ။ ငါက ရဲစုံထောက်ကွ။ တစ်ကိုယ်တော်သမား မဟုတ်ဘူး။ အဖွဲ့အစည်းနဲ့ လုပ်ရတာ။ ကိုယ်တစ်ယောက်တည်းသဘောနဲ့ စိတ်ကြိုက်လုပ်လို့မှ မရဘဲ။ အခုတောင် မင်းတို့ကိုလှမ်းခေါ်တာ အစ်ကို့ဌာနကလူတွေ တစ်ယောက်မှမသိဘူး။ သိလို့လည်း မဖြစ်ဘူး"

"ဘာလို့လဲ"

ကိုသီဟက ဘေးပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်ပြီးမှ -

"ငါက ဒီမြို့ကိုပြောင်းလာတာ ဘယ်လောက်မှ မကြာသေးဘူး။ လူသစ်ဖြစ်နေတော့ ငါ့စကားက အရာမရောက်ဘူး။ ဒီကလူတွေကလည်း ဒါမျိုးကိစ္စတွေ အရင်က မကြုံဖူးကြဘူးနဲ့ တူတယ်။ ငါ့အမြင်ကို ပြောပြတော့တောင် ဝိုင်းအဟားခံရသေးတယ်"

သွေးသစ် မျက်မှောင်ကြုတ်သွားသည်။

"ဘာဟားစရာရှိလဲ။ အရင်လူတွေ သေခဲ့တဲ့ပုံစံကို အစ်ကို ပြောပြတာရော၊ အခု ဟိုအလောင်းရော တစ်ချက်လောက် ကြည့်လိုက်တာနဲ့ သွေးစုပ်ကောင်တွေ လက်ချက်ဆိုတာ သိသာနေတာပဲ"

ကိုသီဟက သူ့အသံကို တိုးသည်ထက်တိုးအောင် နှိမ့်ပြီး -

"အေး၊ ငါတို့ မင်းတို့ မျက်လုံးထဲမှာ သိသာပေမယ့် လူတွေဆိုတာက အသိခေါက်ခက် အဝင်နက်တယ်ကွ။ သိပ္ပံခေတ်၊ နည်းပညာခေတ်ကြီးထဲမှာ သွေးစုပ်ကောင်ဆိုတဲ့စကားကို သွားပြောမိရင် အရူးလို အကြည့်ခံရတာပဲ"

"အဲဒါဆို အခုဖြစ်နေတဲ့၊ သေနေတဲ့ဟာတွေကို အစ်ကို့ဌာနက ဘယ်လို ခေါင်းစဥ်တပ်ထားလဲ"

ထိုအရာသည် အဆိပ် သို့မဟုတ်...Dove le storie prendono vita. Scoprilo ora