Season 1 ~ Chapter 9
မေရွက်၏ဖခင်နှင့် သွေးသစ်၏ ဖခင်တို့သည်လည်း တစ်ချိန်က သွေးစုပ်ကောင်မုဆိုးအလုပ်ကို နှစ်ယောက်တွဲ၍ လုပ်ကိုင်ခဲ့ကြဖူးသည်။ ထိုသို့အလုပ်တွဲလုပ်ရင်း တည်ရှိလာခဲ့သည့် နှစ်ပေါင်းများစွာ သံယောဇဥ်များသည် နှစ်ယောက်သား သွေးမတော် သားမစပ်ပေမယ့် ညီအစ်ကိုအရင်းများထက်တောင် နက်ရှိုင်းခိုင်မြဲခဲ့ကြသည်။
အိမ်ထောင်ကျကြတော့လည်း အိမ်ထောင်ဖက်များက သူတို့၏ ပါရမီဖြည့်ဖက်စစ်စစ်များ ဖြစ်လာခဲ့ကြသည်။ သွေးစုပ်ကောင်မုဆိုးအလုပ်ကို မပိတ်ပင်ရုံမျှမက အားပါပေးခဲ့ကြသည့် မေရွက်မိခင်နှင့် သွေးသစ်မိခင်တို့သည်လည်း သူငယ်ချင်း အရင်းကြီးများသဖွယ် ရင်းနှီးနီးစပ်ခဲ့ကြသည်။
အမဲလိုက်သည့်အလုပ်ကို ဇနီးမယားများပါခေါ်ပြီး ပျော်ပျော်ကြီး လုပ်ခဲ့ကြသည့် မုဆိုးကျော်ကြီးနှစ်ယောက်သည် သားသမီးများ သူတို့ဘဝထဲ ဝင်လာချိန်တွင်တော့ ထိုအလုပ်ကနေ အနားယူကြဖို့ကို နှစ်ဦးသဘောတူ ဆုံးဖြတ်ခဲ့ကြသည်။ သူတို့ဇနီးများ စိတ်ကြိုက်ရွေးချယ်သည့် ရာသီဥတု သာယာကောင်းမွန်ပြီး အေးချမ်းသည့် နယ်မြေတစ်ခုမှ ရွာငယ်လေးတစ်ရွာတွင် အခြေချခဲ့ကြသည်။
ထိုရွာလေးမှာပင် သူမတို့ ငယ်ဘဝ၏ အစိတ်အပိုင်း အတော်များများကို ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ရသည်။ သူမတို့ဆိုသည်က မေရွက်ဝါ၊ သွေးသစ်နှင့် 'ကိုကို' ဟုပဲ သူမတို့ခေါ်ကြသည့် သွေးသစ်အစ်ကိုတို့ ဖြစ်သည်။
သုံးယောက်သားသည် ငယ်ငယ်တည်းက တတွဲတွဲ ဘယ်တော့မှခွဲမရ။ သွေးသစ်နှင့် မေရွက်ဝါက ရွယ်တူလေးများ။ မေရွက်ဝါက သွေးသစ်ထက် လပိုင်းလေးပဲကြီးသည်။ ကိုကိုက သူမတို့ထက် နှစ်နှစ်ကြီးသည်။ ဒီတော့ ကိုကို ဦးဆောင်သမျှ ကျန်နှစ်ယောက်က နောက်လိုက်။ ကိုကိုသွားရာနောက် တကောက်ကောက် လိုက်ကြသည်။ ကိုကိုကလည်း အငယ်တွေကို ရှုပ်သည်ဟု တစ်ခါမှ မပြောစဖူး၊ ရွာထဲက သူနှင့် ရွယ်တူကလေးများနှင့်တောင် သိပ်မကစားဘဲ ဒီညီလေးနှင့် ညီမလေးကိုပဲ အချစ်ပိုကာ လူကြီးလေးလို ထိန်းကျောင်းပေးခဲ့ရှာသည်။
ESTÁS LEYENDO
ထိုအရာသည် အဆိပ် သို့မဟုတ်...
Ficción GeneralType - boy×girl Genre - Psycho, Thriller ကျွန်တော့်နာမည် 'သွေးသစ်'။ လုပ်တဲ့အလုပ်က သွေးစုပ်ကောင်မုဆိုး။ ကျွန်တော့်မှာ 'မေရွက်ဝါ' ဆိုတဲ့ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်း မိန်းကလေးတစ်ယောက် ရှိတယ်။ 'ဒေဝီစံမြန်း' ဆိုတဲ့ ချစ်ရတဲ့ အမျိုးသမီးတစ်ယောက်လည်း ရှိတယ်။...