Season 1 ~ Chapter 13
ဖုန်းကို ကိုင်လိုက် ပြန်ချလိုက် လုပ်နေသည်မှာ အခါနှစ်ရာလောက်တော့ ရှိသွားလောက်ပြီ။ ကိုသီဟ ဖုန်းနံပါတ်ကို ခေါ်မည်လုပ်ပြီးမှ သွေးသစ် ချီတုံချတုံ ဖြစ်နေသည်။ ကိုသီဟခမျာ သူ့မွေးစားသမီးအတွက် စိတ်ပူနေရှာမည်။ သွေးသစ်ကလည်း သူသိလာရသမျှ ကိုသီဟကို ပြန်ပြောဖို့ တာဝန်ရှိသည်။ သို့သော် ဘယ်ကနေ စပြောရမလဲမသိ။
ခင်ဗျားတို့သမီး အိမ်က ထွက်ပြေးသွားတယ်ဆိုတာ လင်နောက်လိုက်သွားတာခင်ဗျ။ လိုက်သွားတဲ့ လင်ကလည်း ရိုးရိုးလူမဟုတ်ဘူး။ သွေးစုပ်ကောင်ကြီးခင်ဗျလို့ ဘယ်လို သွားပြောမလဲ။
စိတ်ရှုပ်ရှုပ်နှင့် ဘေးကိုလှည့်ကြည့်မိသည်။ အချိန်က သန်းခေါင်ကျော်။ သူထိုင်နေသည်က သူ့ကားထဲမှာ။ ဟိုတယ်ထဲက ထွက်လာပြီးတော့ ကားပါကင်ရောက်ပြီး ကားထဲ ဝင်ထိုင်နေတာ အတော်ကြာပြီ။ ဟိုတယ်ထဲက လူတွေကတောင် ကွက်ကြည့်ကွက်ကြည့် လုပ်နေကြပြီ။
ကိုသီဟဆီ ဖုန်းမဆက်သေးဘဲ သူသူနှင့် မင်းဥက္ကာသခင် ဘယ်ကိုထွက်သွားလဲ အရင်စုံစမ်းရလျှင် ကောင်းမလား။ ဒါပေမယ့် သူတို့က အရှေ့၊ အနောက်၊ တောင်၊ မြောက် ဘယ်အရပ်ကို ထွက်သွားသလဲတောင် မသိတာကို ဒီလိုညကြီးမင်းကြီး ဘယ်နား သွားစုံစမ်းရမလဲ။
နှစ်ရာ့တစ်ကြိမ်မြောက် ဖုန်းကို ကောက်ကိုင်မိပြန်သည်။ ဒီတစ်ခါတော့ တကယ်ဆက်တော့မည်။ ကိုသီဟ ဖုန်းနံပါတ်ကို နှိပ်ပြီးပြီ။
ထိုအချိန်ကျမှ ဖုန်းက ထမြည်လာသည်။ ကြည့်လိုက်တော့ မေရွက်ဆီက။
ဒီကောင်မလေး ဘာစိတ်ကူးပေါက်တာလဲ။ သွေးသစ် ထွက်လာပြီးကတည်းက သုံးလလုံးလုံး မေရွက် သူ့ဆီ ဖုန်းတစ်ခါမှမဆက်၊ မက်ဆေ့ချ်တစ်စောင်တောင်မပို့။ သူကလည်း မဆက်ဖြစ်ခဲ့။ အခုမှ ထခေါ်နေတော့ ကြည့်ရတာ ကောင်မလေး စိတ်ဆိုးပြေသွားပြီနေမှာ။
"ဟယ်လို မေရွက်"
"မနဒီ ငါ့ကိုဖုန်းဆက်လို့"
မေရွက်အသံက အိပ်ချင်မူးတူးနှင့်။ ဒေါသသံတော့မပါ။ သို့သော် အလ္လာပသလ္လာပတွေ စကားခံမနေဘဲ လိုရင်းကိုပဲ တန်းပြောပုံထောက်လျှင် သူ့အပေါ် ရာသီဥတုကတော့ ကြည်လင်သေးပုံမရ။
YOU ARE READING
ထိုအရာသည် အဆိပ် သို့မဟုတ်...
General FictionType - boy×girl Genre - Psycho, Thriller ကျွန်တော့်နာမည် 'သွေးသစ်'။ လုပ်တဲ့အလုပ်က သွေးစုပ်ကောင်မုဆိုး။ ကျွန်တော့်မှာ 'မေရွက်ဝါ' ဆိုတဲ့ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်း မိန်းကလေးတစ်ယောက် ရှိတယ်။ 'ဒေဝီစံမြန်း' ဆိုတဲ့ ချစ်ရတဲ့ အမျိုးသမီးတစ်ယောက်လည်း ရှိတယ်။...