Season 2 ~ Chapter 9
သူစက်ဆုပ်ရွံရှာလှသော စံအိမ်ကြီးဆီသို့ သွေးသစ် နောက်တစ်ကြိမ် ပြန်ရောက်ခဲ့ရပြန်ပြီ။
မေရွက်ကားပေါ်တွင် အိပ်ပျော်သွားခဲ့ပြီးနောက် ဒုတိယအကြိမ် ပြန်နိုးလာတော့ စံအိမ်ကြီးထဲရှိ တစ်ခါက သူရောက်ခဲ့ဖူးသည့် ပလ္လင်ခန်းမလို ခန်းမကျယ်ကြီးထဲ ရောက်နေသည်။
ဒီတစ်ခါတော့ ခန်းမကြီးက ဟာလာဟင်းလင်းမဟုတ်။ ခန်းမအလယ်တွင် ထောင့်မှန်စတုဂံပုံသဏ္ဌာန် စားပွဲရှည်ကြီးတစ်လုံး ချထားသည်။ ထိုစားပွဲကြီး၏ အနားတစ်ဖက်စီတွင် အနီရောင် ကတ္တီပါဖုံထူ ခင်းထားသည့် ကုလားထိုင်များ ချထားသည်။ သွေးသစ် နိုးလာသည်က ထိုကုလားထိုင်များထဲမှ တစ်လုံးပေါ်တွင် နိုးလာခြင်းဖြစ်သည်။
သူ့လက်နှစ်ဖက်ကို ကုလားထိုင်လက်တင်နှင့်တွဲ၍ ချည်နှောင်ထားပြီး ခြေထောက်များကိုလည်း ကုလားထိုင်ခြေထောက်နှင့် တွဲထားသဖြင့် သူ ထမရ၊ လှုပ်မရ။ မျက်လုံးကို အုပ်မထားသဖြင့် ဟိုဟိုဒီဒီတော့ လှည့်ကြည့်လို့ရနေသည်။ ခန်းမထဲတွင် သူ့အပြင် ဘယ်သူမှရှိမနေ။ ခန်းဆီးလိုက်ကာများကို ဖွင့်ထားသဖြင့် အပြင်ကိုလည်း မြင်နေရသည်။ အပြင်လောကသည် မှောင်မည်းနေသည်။ ညအချိန် ရောက်သွားပြီပဲ။ သူ တစ်နေ့လုံး အိပ်ပျော်နေခဲ့တာလား။
လွတ်လိုလွတ်ငြား ကြိုးစားပြီး ရုန်းကြည့်သော်လည်း သူ့ကိုချည်ထားသည့် ကြိုးများက ခိုင်ခံ့လွန်းသည်။ လက်တွေခြေတွေ ပွန်းကုန်တာသာ အဖတ်တင်သည်။ ပါးစပ်ကို ဘာနှင့်မှ ဆို့မထားသော်လည်း အော်ဟစ် အကူအညီတောင်းဖို့တော့ စိတ်ကူးမရှိ။ သူ့အော်သံကြားလျှင်တောင် ဘယ်သူက လာကူညီမှာမို့လို့လဲ။
ငြိမ်ငြိမ်လေးနေရင်းပဲ ဆက်ပြီး ကြုံလာရတော့မည့် ကံကြမ္မာကို စောင့်မျှော်နေလိုက်တော့သည်။ သိပ်မကြာလိုက်။ အဝင်ဝ တံခါးမကြီး ပွင့်သွားသည်။ ရှေ့မှ ဝင်လာသူက သူမျှော်လင့်ထားခဲ့ပြီးဖြစ်သည့် မင်းဥက္ကာသခင်။ နောက်က ပါလာသူက သူမျှော်လင့်မထားခဲ့သည့် မေရွက်ဝါ။
"နေလို့ထိုင်လို့ သက်သာင့်သက်သာ ရှိရဲ့လား မုဆိုးကျော်ကြီး"
YOU ARE READING
ထိုအရာသည် အဆိပ် သို့မဟုတ်...
General FictionType - boy×girl Genre - Psycho, Thriller ကျွန်တော့်နာမည် 'သွေးသစ်'။ လုပ်တဲ့အလုပ်က သွေးစုပ်ကောင်မုဆိုး။ ကျွန်တော့်မှာ 'မေရွက်ဝါ' ဆိုတဲ့ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်း မိန်းကလေးတစ်ယောက် ရှိတယ်။ 'ဒေဝီစံမြန်း' ဆိုတဲ့ ချစ်ရတဲ့ အမျိုးသမီးတစ်ယောက်လည်း ရှိတယ်။...