ခပ်ဖြူးဖြူးတိုက်ခတ်လာတဲ့ လေပြေလေးတွေထဲမှာ မိုးနံ့သင်းသင်းလေးပါ ဝဲလွင့်လာတော့ သိပ်မကြာခင် မိုးရွာတော့မည်ဆိုတဲ့ အဓိပ္ပါယ်။
သုတ်သုတ်ပြာပြာ ဥဒဟိုကူးလူးသွားလာနေတဲ့ လူတွေကြားမှာ အသိစိတ်မဲ့နေသလို သွားနေရင်းက မိုးရွာတော့မှာမို့လို့ အလောတကြီးသွားလာနေသူတွေကို မရှောင်တိမ်းနိုင်စွာတစ်ယောက်ပြီးတစ်ယောက်နဲ့ ပခုံးချင်းတိုက်မိပေမယ့် သူတို့ကလည်း အလျင်လိုနေသလို ကျန်းဟောင့်ကလည်း အသိစိတ်ကပ်မနေခဲ့။
ပြိုလဲလုလုစိတ်ကို တင်းခံရင်းသွားနေရတာမို့ ခရီးကမတွင်။ရှေ့က မြင်ကွင်းတွေက တဖြည်းဖြည်း ဝေ့ဝေ့ဝါးဝါးနဲ့ အရာရာမသဲကွဲတော့...ရုတ်တရက် နောက်ကနေ လက်မောင်းကို ခပ်တင်းတင်းဆွဲကိုင်ပြီး လှည့်လိုက်တာမို့ ကြည့်လိုက်တော့ ရင်းနှီးပြီးသားထိုလူကို အသက်မဲ့နေတဲ့မျက်ဝန်းလေးနဲ့ ခပ်ဆက်ဆက်ကြည့်လိုက်ပြီး ထိုသူ့လက်ထဲကနေ သူ့လက်မောင်းကို ဆောင့်ရုန်းလိုက်၏ ။
"ဖယ်!"
"ကိုယ်ပြောတာ နားထောင်ဦးကွာ၊ သူ baby ကို ဘာတွေပြောခဲ့မှန်းမသိပေမယ့် ကိုယ် baby ကို ဘယ်လောက်တောင် မြတ်နိုးရလည်း baby လည်း သိရဲ့သားနဲ့ကွာ"
"ဆောင်းဟန်ဘင်း.. တော်ပါတော့ ဒီလောက်နဲ့ပဲ ငါ့ကို လွှတ်ပေးပါတော့.."
"ဟင့်အင့် မလွှတ်ပေးနိုင်ဘူး ကိုယ့်အနားမှာပဲ ရှိနေပေး ကိုယ့်ကို ထွက်သွားဖို့မပြောနဲ့"
"မင်းက တစ်ကိုယ်ကောင်းဆန်တဲ့သူ.. အတ္တအရမ်းကြီးတာပဲ"
"ဟုတ်တယ်..ကိုယ်က အဲ့လောက်တောင် အတ္တကြီးတဲ့သူမို့ မင်းကို လက်လွှတ်လိုက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး"
"ငါအရမ်းပင်ပန်းနေပြီ..ငါ့ကို ကျေးဇူးပြုပြီး သနားပါဦးလား"
"ဒီချိန်မှာ ကိုယ်က သနားစရာပိုကောင်းနေတာမဟုတ်ဘူးလား baby ရာ..ကိုယ်သေချာရှင်းပြနေရဲ့သားနဲ့..ဟမ်.. !!ကိုယ့်ကိုကြည့်ပါဦး!!..ပြီးတော့ ဒီချိန်မှာ baby ကို ပြန်လွှတ်လိုက်ဖို့ဆိုတာ ကိုယ် တွေးတောင်မတွေးထားဘူး..baby မေးတာတွေ ကျေနပ်အောင် ထပ်ရှင်းပြမှာမို့လို့ ကိုယ်နဲ့လိုက်ခဲ့"