"ဟန်ဘင်း...ငါ..ဖူကျန့်ကို ခဏလောက်တော့ ပြန်ရမယ်ထင်တယ်..မားက.."
"လုံးဝခွင့်မပြုဘူး...ပြန်ချင်ရင် ကိုယ်ပါ လိုက်ခဲ့မှာ"
ရှေ့ဆက်စကားပြောခွင့်မပေးဘဲ မဖြစ်နိုင်တဲ့ တောင်းဆိုမှုကိုပြုနေတဲ့ ဆောင်းဟန်ဘင်းနဲ့ ဒီကိစ္စကို ပြောနေရတာ မနက်ကတည်းက။
မနက်ခင်း မနက်စာစားရင်း ဒီအကြောင်းပြောတော့ မနက်စာတောင်ကောင်းကောင်းမစားတော့ဘဲ ထထွက်သွားတာမို့ ကျန်းဟောင့်မှာ ဘာစကားမှတောင် ဆက်ပြီးရေရေရာရာမပြောလိုက်ရ။
မပြန်ဖြစ်တာလဲ နှစ်ချီတော့မည်မလို့ မားက သူ့ကို ခဏပြန်လာဖို့ ပြောသည့်အချိန်မှာ သူလည်း ပြန်သင့်သည်ဟု တွေးမိ၍ဖြစ်၏ ။
ဒါပေမဲ့ ဆောင်းဟန်ဘင်းကို ပြန်ဖို့ပြောရသည်ကတော့ ထင်ထားသည်ထက် ပိုမိုခက်ခဲလို့နေသည်။
မနက်ခင်းတုန်းကလည်း သူ့စကားကို သေချာနားမထောင်ပေးသလို ခုလည်း ညစာ အစားပျက်မှာစိုးလို့ စားပြီးသည့်အချိန်မှ ပြောသည့်အခါမှာလည်း အဆင်မပြေ။"မဖြစ်နိုင်တာကို မပြောပါနဲ့..ဟန်ဘင်း"
"ကိုယ်က ဘာလို့ မဖြစ်နိုင်တာကိုပြောရမှာလဲ"
"လိုက်မယ်ဆိုတာကြီးကလေ အခြေအနေတွေကို မသိတာလည်း မဟုတ်ဘဲနဲ့"
"သိလို့ စိတ်မချနေတာလေ..မသိဘူးလား"
"တစ်ပတ်လောက်ပဲလေ...နော်"
"မရဘူး"
"အကြာကြီးမနေပါဘူး..ဒီမှာလည်း စာသင်ပေးနေရတာဆိုတော့ တကယ် တစ်ပတ်ပဲ..နော်..ဟန်ဘင်း"
"မရဘူးလို့"
"ဆောင်းဟန်ဘင်း...မင်း.."
"ကိုယ်နဲ့ အတူတူပြန်ဖို့ စဥ်းစား..မဟုတ်ရင် ပြန်ဖို့အကြောင်း မစဥ်းစားနဲ့..တစ်ယောက်တည်းပြန်မှာကို ခွင့်မပြုနိုင်ဘူး"
"ခွင့်မပြုလည်း ပြန်မှာပဲ"
အစက ခွင့်ပြုချက်တောင်းနေရသည့် ကျန်းဟောင့်မှာ နဂိုကမှ စိတ်မရှည်တတ်သူမို့ သူ ဒီလောက်ကြီးထိ ပြောနေရသည်ကို စိတ်မရှည်ချင်တော့။
ပြီးတော့ သူတွေးထားသည်က သည်ပြန်သည့် တစ်ပတ်အတောအတွင်းမှာပဲ ပါးနဲ့မားကို ဆောင်းဟန်ဘင်းနှင့် သူ့၏ ဆက်ဆံရေးကို ဝန်ခံမည်။
လက်မခံဘူးဆိုရင်တောင် သူ့ဆုံးဖြတ်ချက်က ခိုင်မာပြီးဖြစ်သည်မို့ မားတို့ကို အသိပေးချင်သည့်သဘောသာ။
ဖုန်းထဲကပြောလျှင် မလေးနက်သည့်သဘောမလို့ ခု မားက ဖူကျန့်ကိုခဏပြန်လာခဲ့အုံးလေဆိုတော့ အံကိုက်ဖြစ်သွားသည်။
သူကသာ သူ့အစီအစဥ်နဲ့သူ တွေးနေပေမယ့် ဆောင်းဟန်ဘင်းသာ လိုက်လာခဲ့လျှင်တော့ အစီအစဥ်ကတစ်မျိုးပြောင်းသွားမည်သာ။
ဒါကြောင့် သူ့ဘက်ကတော့ အလျော့ပေးမည်မဟုတ်။
ဆောင်းဟန်ဘင်း ခွင့်မပြုလျှင်လည်း သေချာနားဝင်အောင် ပြောရမည်သာ။