"ကျန်းဟောင့်"
"....."
"ကျန်းဟောင့် လို့!"
"ဘာလဲ"
ရုတ်တရက် အမှီလိုက်နေရာကနေ နောက်ကိုလှည့်လိုက်တာမို့ အရှိန်လွန်ပြီး လူချင်းတိုက်မိမတတ်။
ရှေ့တူရူက ကျန်းဟောင့်ကတော့ အလိုမကျဟန် နှုတ်ခမ်းလေးကို မဲ့ကာ နှာသီးထိပ်လေးကရဲပြီး မျက်ခုံးလေးကိုလည်း အနည်းငယ်တွန့်ချိုးထား၏ ။
ခပ်အုပ်အုပ် ခေါင်းလုံးလုံးလေးရဲ့ ဆံနွယ်လေးတွေက မျက်ခွံလေးတွေပေါ်ထိ ဝေ့ဝိုက်ကျနေကာ စိတ်ရှုပ်ဟန် ဆံပင်လေးကို သပ်တင်လိုက်ပေမယ့် ဆံနွယ်လေးတွေက အစီအစဥ်တကျ မျက်ခွံလေးပေါ်မှာပဲ ပြန်ပြီးတော့ နေရာယူပြန်၏ ။
အနက်ရောင် တီရှပ်ပွပွကြီးကို ဝတ်ထားပြီး ဒူးအတိ ဂျင်းဘောင်းဘီအဖြူအတိုလေးနှင့်မို့ ဒီနေ့ကျမှ ကျန်းဟောင့်ခန္ဓာကိုယ်က သာမန်ထက်ကို ပိုသေးနေသယောင်။
ဖြူနုနုလက်တစ်စုံက ခါးထောက်ကာ သူ့ကို စိုက်ကြည့်နေပြန်၏ ။
ရုတ်တရက် ကျန်းဟောင့်ကိုပဲ ကြည့်နေမိသည့်သူ့မှာ ပြောစရာစကားပင် ခေတ္တမျှ မရှိဖြစ်နေမိသည်။
ဘယ်လိုလုပ် ကျန်းဟောင့်အပေါ် မမြင်ဖူးတဲ့ လူတစ်ယာက်လို စိုက်ကြည့်နေမိပါလိမ့်။"ကျစ်! ဘာလို့ ဒီနေ့မှ ဘောင်းဘီအတို ဝတ်လာရတာလဲကွာ"
"ဘာ!"
တီးတိုးရေရွတ်သံက မထင်မှတ်စွာ ထွက်သွားသည်။
ဒါပေမယ့် ကျန်းဟောင့်က သေချာ မကြားလိုက်ပုံ။"ဘာမှမဟုတ်ဘူး"
"ဘာမှမဟုတ်ရင်လည်း ဘာလို့ ငါ့နောက်ကနေ သေမလို ပြေးလိုက်နေတာလဲ မင်းလုပ်ချင်ရာ လုပ်ပြီးပြီမလား!!"
ပြောပြီး ဘောက်ဆွဘောက်ဆွနဲ့ လှည့်ထွက်သွားပြန်တာမို့ လက်ကောက်ဝတ်လေးကို အပြေးလှမ်းဖမ်းရသေးသည်။
"လွှတ်နော်.!!. ဆောင်းဟန်ဘင်း!! မင်းထပ်ပြီး အနိုင်ကျင့်တာများနေပြီ !အန်တီနဲ့ကို တိုင်ပြောပစ်မယ်"
"ပြောလေ..ငါလည်း မင်း ရည်းစားထားနေတယ်လို့ အန်တီလေးနဲ့ ပြန်တိုင်ပြောမယ်"
"ဆောင်းဟန်ဘင်း!.. မင်းဘာမဟုတ်မဟတ်တွေ လျှောက်ပြောနေတာလဲ..ဒီတိုင်း ခင်တာလို့"