အပိုင်း ၂

337 11 0
                                    

Unicode
တကယ်တော့ သူ့နာမည်အရင်းသည် "ညိုမောင်"ဖြစ်သည်။ "ငကျစ်"ဆိုတာ ဒီလက်ဖက်ရည်ဆိုင်ရောက်မှ ဆိုင်ရှင် လေးလေးက ပေးထားသော နာမည်ဖြစ်၏။ လူကောင်က သေးပြီး လုံးကျစ်ကျစ်လေးမို့ ဖြစ်သည်တဲ့။ မေမြို့ဆိုသည့်အမည်ကိုတော့ ညိုမောင် ငယ်ငယ်တုန်းက အဘနှင့် အမတို့ ပြောတာကြားဖူးသည်။ ရာသီဥတုမှာ အလွန်အေးကြောင်း၊ ပန်းမျိုးစုံပွင့်ကြောင်း၊ လှသောမြို့တစ်မြို့ဖြစ်ကြောင်း၊ အမ၏ အကြီးဆုံးအမဖြစ်သူ ကြီးမေသည် မေမြို့မှာ နေကြောင်း။ ညိုမောင့်ကို မေမြို့သို့ ခေါ်လာသည့်သူမှာလည်း ထိုကြီးမေပင်ဖြစ်သည်။

ညိုမောင့်ဇာတိသည် ယောနယ်ကဖြစ်သည်။ ဂန့်ဂေါမြို့နယ်၊ ကျောမြို့အတွင်းရှိ ရွာလေးတစ်ရွာတွင် နေထိုင်ခဲ့သည်။ ညိုမောင့်အမကြီး မစန်းရည် အိမ်ထောင်ကျပြီးနောက် ယောင်နောက် ဆံထုံးပါသွားသဖြင့် အိမ်တွင် အမ၊ အဘ၊ အကိုလေးနှင့် ညိုမောင်တို့ ၄ဦး အတူနေထိုင်ကြသည်။ လယ်ပိုင်ယာပိုင်မရှိသဖြင့် အဘနှင့်အကိုလေးသည် သူတစ်ပါး၏ ယာတွင် သူရင်းငှါးလုပ်ရသည်။ညိုမောင်သည် ကလေးပေမယ့် အားကိုးရသည်။ ယာလုပ်တော့လဲ လုပ်ကူသည်။ တောခုတ်တော့လည်း အဘခုတ်ပြီးသော သစ်၊ဝါး စသည်တို့ကို လျော်ဖြင့်စည်းကာ သယ်ပေးသည်။ အမကိုလည်း ကူကာ ထမင်း၊ ဟင်းချက်ပေးရသည်။ ညိုမောင်တို့ မိသားစုသည် တောင်ယာလုပ်ကာ အေးအေးချမ်းချမ်းဖြင့် နေထိုင်လာခဲ့ကြသည်။

ကံကြမ္မာဆိုးသည် ညိုမောင်တို့မိသားစုထံ မဖိတ်ခေါ်ဘဲ ဝင်ရောက်လာလေသည်။ ထိုစဉ်က ညိုမောင့် အသက် ၁၀နှစ်။ ပခုက္ကူ -ဂန့်ဂေါ မီးရထားလမ်း ဖောက်တော့ ညိုမောင်တို့ နယ်မှ ရွာသူရွာသားများအားလုံး လမ်းလုပ်ငန်းတွင် လုပ်အားပေးရသည်။ မီးရထားဖောက်လုပ်ရန်အတွက် သက်တမ်းရင့်သစ်ပင်ကြီးများကို စက်အား၊ လူအား ၂မျိုးလုံးသုံးကာ ခုတ်လှဲပစ်ကြသည်။ တောတောင်ကမ်းပါးယံများကိုလည်း ဒိုင်းနမိုက်များသုံးကာ ဖောက်ခွဲပစ်ကြသည်။ လမ်းလုပ်ငန်းမှာ အလွန်ပင်ပန်းဆင်းရဲသည်က တစ်ကြောင်း၊ ထိုဒေသတွင် ငှက်ဖျားပေါသည်က တစ်ကြောင်းကြောင့် ညိုမောင်တို့ မကြာခဏ ဖျားနာကြရသည်။

မောင့်ငယ်ဖော်Where stories live. Discover now