Unicode
လတ်ဆတ်သောလေနုအေးသည် ခရေရွက်များကြားမှ မွေးမြသော ခရေပန်းရနံ့တို့အား သယ်ဆောင်လျက် ဘုရားဝန်းအတွင်းရှိ ကျောက်စာချပ်များကြားသို့ ဖြတ်သန်းတိုက်ခတ်လျက်ရှိသည်။ မောင်က မြေပြင်ပေါ်တွင် ကြွေကျလျက်ရှိသော ခရေပန်းပွင့်တို့အား ကောက်ယူကာ အပြာရောင်လက်ကိုင်ပဝါလေးထဲသို့ ထည့်လိုက်သည်။ ခရေပင်ခြေတွင် ထိုင်ရင်း မိုးဦးက လက်တစ်ဝါးခန့်သာရှိသော drawing book ပေါ်တွင် sketchပုံကြမ်းတစ်ခုကို ရေးခြစ်နေသည်။
ခရေပန်းကောက်ပြီးနောက် မောင်က မိုးဦးဘေးတွင် ထိုင်လိုက်၏။ မိုးဦးက ပုံကြမ်းကို ခဏရပ်လိုက်ကာ စာအုပ်ကို ထောင်ပြလိုက်ပြီး
"ဘယ်လိုလဲ"
"လှသားပဲ"
"ဟင် အဲ့လိုပြီးစလွယ်ကြီး မပြောနဲ့လေ၊ ဘယ်နားကတော့ ဘယ်လိုရှိတယ် ဘာလိုအပ်တယ်ဆိုတာတော့ ပြောမှပေါ့"
မောင်က ခဏမျှ စဉ်းစားလိုက်ပြီး
"ငါမှ ပန်းချီမဆွဲတတ်ဘဲ၊ လှတယ်ဆိုတာပဲ သိမှာပေါ့၊ အရောင်နဲ့ဆိုလဲ အရောင်စုံတယ်ဆိုတာလောက်ပဲ သိမှာပေါ့"
"အနုပညာဆိုတာ ကိုယ်မဖန်တီးတတ်ပေမယ့် ခံစားကြည့်ရတယ်ကွ၊ ခံစားကြည့်မှ သိတာမျိုး"
မောင်က မိုးဦး မျက်နှာအား ကြည့်လိုက်သည်။
လှပဝိုင်းစက်သော မျက်ဝန်းတို့တွင် ရှည်လျားသည့် မျက်တောင်တို့က လက်ဖြင့်တို့ထိ ကိုင်တွယ်ချင်စရာကောင်း၏။ ဖြူဖွေးသော ပါးမို့မို့နှစ်ဖက်ပေါ်တွင် သွေးကြောစိမ်းမြတို့က အထင်းသား။ နှုတ်ခမ်းတို့မှာ နုထွေးနီမြန်းလျက်။
"ချစ်စရာကောင်းသားပဲ"
"ဘယ်လိုကြီးလဲ၊ ပန်းချီကားပါဆို ချစ်စရာကောင်းတယ်လို့ပဲ"
မောင်က အထိန့်တလန့်ဖြင့်
"ဟို ပန်းချီထဲက ဘုရားတွေက အေးချမ်းတယ်လို့ ပြောတာ"
မိုးဦးက ရှုတေတေဖြင့် နှုတ်ခမ်းတစ်ဖက်ကိုရွဲ့လိုက်၏။
"မိုးဦး ရော့"
မောင်က လက်ထဲတွင်ကိုင်ထားသော လက်ကိုင်ပဝါလေးအား ပေးလိုက်သည်။
"ခရေပန်းတွေ အများကြီးပဲ"
မိုးဦးက ခရေပန်းတို့အား နမ်းရှိုက်ကြည့်လိုက်သည်။
YOU ARE READING
မောင့်ငယ်ဖော်
RomanceUnicode သင်းကွဲငှက်တစ်ကောင်ဟာ "အိမ်"ဆိုတဲ့အရာကို မျှော်လင့်တောင့်တသလိုပဲ မိုးဦးသွင်ဆိုတဲ့ ကောင်လေးဟာ ညိုမောင့်အတွက်တော့ နွေးထွေးတဲ့အိမ်တစ်လုံးလို၊ အန္တရာယ်ကင်းတဲ့ အသိုက်အမြုံတစ်ခုလို အမြဲတမ်း နားခိုချင်နေတဲ့နေရာ..... ZawGyi သငျးကှဲငှကျတစျကောငျဟာ "အ...
