Unicode
"ရေမြေဆုံးစေတော့ကွယ်......ခင်ဖုန်းကိုတော့ တွေ့အောင်ရှာမယ် ...... ရှာတော့မယ်"
သစ်သားအိမ်လေးထဲမှ ဆရာလေး၏ မယ်ဒလင်သံသည် သာယာစွာ ပျံ့လွင့်လျက်ရှိသည်။ ဆရာလေးသည် ဂီတနက်သန်ကိုစောညိန်း၏ သီချင်းတစ်ပုဒ်အား မယ်ဒလင်တီးကာ ဆိုနေ၏။
"ပြောသံကြားနှင့် နားဝင်ချိုရင်ဖိုကာရယ်..... ယနေ့ပင်တွေ့မြင်ချင်ဇောတယ် ..... အာရုံစိတ်စောမိပါတယ်"
မောင်က စားပွဲခုံပေါ်တွင် မေးထောက်လျက် သီချင်းသံကို သေချာစွာ နားထောင်နေ၏။ဆရာလေးအသံသည် အနိမ့်အမြင့် အရှိုက်အငင်တို့ဖြင့် နားထောင်ရသူကို အေးချမ်းမှု သန္တိရသမျိုး ပေးစွမ်းနိုင်၏။
အိမ်ထဲတွင် ဆရာလေးနှင့်မောင်တို့ နှစ်ဦးသာရှိသည်။ အန်တီးလေးမှာ သဲတုံလေးကိုခေါ်ကာ ဘေးအိမ်သို့ အိမ်လည်သွားနေသည်။ မိုးဦးကတော့ ၁၀တန်းစာမေးပွဲနီးလာသဖြင့် အိမ်တွင်ရှိသည့်အချိန်မှာ နည်းပြီး ဘော်ဒါဆောင်တွင် စာကျက်နေသည့်အချိန်က များသည်။
"လုလင်ငယ်သွေး........ကလေးသာသာအရွယ်......ဟိုစဉ်ကပဲ အသည်းစွဲစေခဲ့ပေါ့ကွယ်....."
မောင်သည် သီချင်းကြီးကို နားမလည်ပါ။ သို့သော် ဆရာလေးက သီချင်းဆိုပြီးတိုင်း အဓိပ္ပါယ် ရှင်းပြထား၍သာ အနည်းငယ်မျှ နားလည်ခြင်းဖြစ်သည်။ ဆရာလေးကတော့ "မင်း အရွယ်ရောက်လာရင် နားလည်လာလိမ့်မယ်"တဲ့။
ယခုလည်း ထိုသီချင်း၏ ပိုင်ရှင် ကိုစောညိန်းနှင့် သူ့အချစ်ဦးတို့အကြောင်း၊ ကိုစောညိန်းက ဆင်းရဲပြီး ထို"ခင်"ဆိုသည့်ကောင်မလေးမှာ ချမ်းသာသဖြင့် မတူညီသည့်ဘဝနှစ်ခုမှ အချစ်ဇာတ်လမ်းအကြောင်း၊ ဆရာလေး ဆိုပြနေကျဖြစ်သည့် "ပွင့်ဦးသီချင်း" အကြောင်း၊ ယခု "သစ္စာ" သီချင်းအကြောင်းတို့အား ပြောပြထားသဖြင့် အဓိပ္ပါယ်ရိပ်ဖမ်းမိခြင်းဖြစ်သည်။
သီချင်းရှင်က သူ့အား ထားရစ်ခဲ့ပြီး ပုန်းရှောင်နေသည့် သူ့ချစ်သူ"ခင်"အား သစ္စာရှိစွာ စောင့်စားရင်းက နှစ်များရှည်ကြာလာသဖြင့် မစောင့်နိုင်တော့ဘဲ သူကိုယ်တိုင် တွေ့အောင်ရှာတော့မည်ဟု ဆိိုထားသည်တဲ့။ မောင်ကြားဖူးသည့်စကားတစ်ခုအရဆိုလျှင် သေသောသူကြာလျှင်မေ့၊ ပျောက်သောသူရှာလျှင်တွေ့၊ တမင်ရှောင်ပြေးသူကိုတော့ ဘယ်လောက်ပင်ရှာရှာ တွေ့နိုင်မည်မဟုတ်တဲ့လေ။ တစ်ချိန်ချိန်မှာသာ မိုးဦးနှင့်ဝေးကွာခဲ့လျှင် မိုးဦးက သူ့ကို တမင်ပုန်းနေတာဖြစ်မည်ဆိုလျှင် "ဖွဟဲ့... လွဲပါစေ" ။ အင်းလေ၊ တကယ်တမ်းဝေးသွားရင်တောင်မှ သူဟာ မိုးဦးအတွက် အရေးပါအရာရောက်သူတစ်ဦးဖြစ်လိမ့်မည်မဟုတ်။ မိုးဦး၏ဘဝတွင် အရေးပါသည့် အရာများစွာရှိလေသည်။ သူ့မိသားစု၊ နောက် သူ့အိပ်မက်၊ မိုးဦးက ဆရာလေးလို ကျောင်းဆရာဖြစ်ချင်သည်တဲ့။ မောင်ကတော့ မိုးဦး ကျောင်းဆရာဖြစ်မည်ဟု ယုံကြည်ပါသည်။ နောက်ပြီး မိုးဦး၏ချစ်သူ၊ ယခုမရှိသေးဟုပြောထားသော်လည်း နောင်တစ်ချိန်တွင်တော့ ချစ်သူကောင်မလေးတစ်ဦးဦးရှိလာပါလိမ့်မည်။ ထိုကောင်မလေးသည် မိုးဦးနှင့် အလွန်လိုက်ဖက်ညီလိမ့်မည်။ ဆရာလေးနှင့်အန်တီလေးတို့ကဲ့သို့ပင် တစ်ယောက်ကို တစ်ယောက် ချစ်မြတ်နိုးကြလိမ့်မည်။ ဒီအကြောင်းကို စဉ်းစားမိလျှင်ပင် မောင့်ရင်တွေ နာလှသည်။
YOU ARE READING
မောင့်ငယ်ဖော်
RomantizmUnicode သင်းကွဲငှက်တစ်ကောင်ဟာ "အိမ်"ဆိုတဲ့အရာကို မျှော်လင့်တောင့်တသလိုပဲ မိုးဦးသွင်ဆိုတဲ့ ကောင်လေးဟာ ညိုမောင့်အတွက်တော့ နွေးထွေးတဲ့အိမ်တစ်လုံးလို၊ အန္တရာယ်ကင်းတဲ့ အသိုက်အမြုံတစ်ခုလို အမြဲတမ်း နားခိုချင်နေတဲ့နေရာ..... ZawGyi သငျးကှဲငှကျတစျကောငျဟာ "အ...