Unicode
ဘာလိုလိုနှင့် င်္သကြန်ရက်များပင် ရောက်လာလေပြီ။ မိုးဦးတို့လဲ သူ့အဘွားရှိရာသို့ နွေကျောင်းပတ်ရက် ပြန်သွားကြပြီ။ စာမေးပွဲပြီးသည့်နေ့ကလည်း မိုးဦးနှင့် သေချာပင် မဆုံဖြစ်လိုက်။ နောက်တစ်နေ့ရောက်တော့ သူတို့ တန်းပြန်သွားကြ၍ နှုတ်ဆက်စကားပင် မပြောလိုက်ရပေ။ သင်္ကြန်သည် မောင့်အတွက် အလွန်ပင် ပျင်းရိဖွယ်ကောင်းနေ၏။
ယခင်နှစ်များကတော့ ဆိုင်ဖွင့်သဖြင့် စျေးရောင်းကောင်းနေသောကြောင့် ပျင်းချိန်ပင်မရ။ ယခုတော့ ဆိုင်ကလည်း ပိတ်ပြီ။ ဆိုင်အမိုးပေါ်ရှိ "မာလာနွယ်" ဆိုင်းဘုတ်ကြီးကတော့ ယခုထိပင် မချရသေး။ မောင် ဆိုင်ရှေ့အုတ်ခုံပေါ်တွင်ထိုင်ရင်း ရေပက်ခံထွက်နေကြသူတို့အား လိုက်ကြည့်နေမိသည်။ ရေပက်ခံကားများပေါ်တွင် အမျိုးသမီးများက ရှေ့ဆုံးမှ မတ်တပ်ရပ်ကာ ပဝါသဘက်များခြုံထားကြသည်။ အမျိုးသားများကတော့ ကားအနောက်ဖျားမှ နေ၍ ကခုန်နေကြ၏။ ရေပက်ခံသူ အားလုံးလိုလိုပင် နေကာမျက်မှန်များ တပ်ဆင်ထားကြ၏။
ကလေးငယ်တစ်ယောက်သည် မောင်ထံသို့ပြေးလာပြီး ရေပွတ်သေနတ်ဖြင့် ရေပက်သွားသည်။ လမ်းလျှောက်သွားသည့် မိန်းကလေးများအား ယောင်္ကျားလေးများက နောက်မှ လိုက်ကာ ရေလောင်းကြသည်။ တစ်ချို့မှာ ရေမွှေးများပင် ဖြန်းကြသေးသည်။ သင်္ကြန်လေးရက်မှာ ယနေ့ဆိုလျှင် အတက်နေ့ပင် ရောက်ပြီ။ နောက်ဆုံးနေ့မို့ ပို၍ ကဲကြသလား မပြောတတ်။ အကျနေ့နှင့် အကြတ်နေ့တုန်းကတော့ ဖိုးလပြည့်က မောင့်ဆီရောက်လာပြီး မန္တလေးဆင်းကာကဲကြမှာမို့ လိုက်ခဲ့ဖို့ခေါ်သည်။ မောင်ကတော့ လူတွေများလျှင် မွန်းကြပ်သလိုခံစားရသဖြင့် မလိုက်ဖြစ်။ တကယ်တော့ မိုးဦးကို လွမ်းတာလဲပါပါသည်။ လူက သူ့ကို လွမ်းနေရတာနှင့်ပင် ကျေနပ်နေသလိုလို ဖြစ်နေ၏။ တစ်စုံတစ်ယောက်အား ရင်ထဲထည့်ထားရခြင်းသည် ပြည့်စုံလုံလောက်သည်ဟု ခံစားရစေသည်။ မောင့်ရှေ့မှ ကားတစ်စီးဖြတ်သွားပြီး လှမ်းအော်သွားကြသည်။
"သူများပျော်လို့ မပျော်နိုင် ရည်စားပျောက်လို့မှိုင်"

YOU ARE READING
မောင့်ငယ်ဖော်
RomanceUnicode သင်းကွဲငှက်တစ်ကောင်ဟာ "အိမ်"ဆိုတဲ့အရာကို မျှော်လင့်တောင့်တသလိုပဲ မိုးဦးသွင်ဆိုတဲ့ ကောင်လေးဟာ ညိုမောင့်အတွက်တော့ နွေးထွေးတဲ့အိမ်တစ်လုံးလို၊ အန္တရာယ်ကင်းတဲ့ အသိုက်အမြုံတစ်ခုလို အမြဲတမ်း နားခိုချင်နေတဲ့နေရာ..... ZawGyi သငျးကှဲငှကျတစျကောငျဟာ "အ...