Unicode
မွေးနေ့ပြီးသည့်နောက် မောင်နှင့် မိုးဦးတို့တွင် ကစားဖော်များ ထပ်တိုးလာခဲ့သည်။ ကိုကြီး၊ ကိုငယ်နှင့် ဖိုးလပြည့်တို့ ၃ဦးလုံး မိုးဦးနှင့် တစ်ကျောင်းတည်း၊ တစ်ခန်းတည်း သူငယ်ချင်းများဖြစ်ကြသည်။ သူတို့ ၄ဦးလုံး ယခုနှစ်တွင် (၆)တန်းတက်ကြတော့မည်။
"ဟေ့ရောင် ဖိုးလပြည့် မင်းမတွန်းနဲ့"
"ငါ ဘယ်မှာတွန်းလို့လဲ၊ ကိုငယ် ဆွဲဆွဲ ဟေ့ရောင်"
"မောင်.... ဖြတ်လိုက်၊ ငါ့ကို ဘောလုံးပေး"
"ဟေ့ ကိုကြီး မင်းမညစ်နဲ့"
"လာလေ... လုနိုင်ရင် လုလိုက်"
"မိုးဦး... ဂိုးသွင်းလိုက်တော့"
"ဂိုး......"
ကိုကြီးနှင့်ကိုငယ် အမွှာ၂ကောင်မှာ ကာတွန်းထဲမှ ပြာကလောင်၊ ပြာလချောင်ကဲ့သို့ မျက်မှန်ကိုယ်စီတပ်ထားကြသည်။ သူတို့နှစ်ယောက်သည် မိုးဦးကဲ့သို့ပင် ဒီကျောင်းဝန်းထဲက ဝန်ထမ်းအိမ်ရာမှာနေကြ၏။ ဖိုးလပြည့်ကတော့ မောင်တို့ရပ်ကွက်ထဲမှာ နေသည်။ ဖိုးလပြည့်သည် ဂျစ်ကန်ကန်နှင့် ဗိုလ်ကျတတ်သဖြင့် မိုးဦးနှင့် မကြာခဏ စကားများ ရန်ဖြစ်တတ်သည်။ နောက်အချိန်ကျတော့လဲ အတူတူ ကစားကြမြဲပင်။ ကျောင်းပိတ်ရက်များတွင် မိုးဦးနှင့် ဖိုးလပြည့်သည် အမွှာ၂ကောင်တို့ အိမ်သို့သွားကာ TV ကြည့်ကြသည်။ မောင်ကတော့ အလုပ်မအားသဖြင့် လိုက်မကြည့်ရ။ သို့သော် မောင်က ရပ်ကွက်ထဲက ဗီဒယိုရုံမှာတော့ မကြာခဏသွားကြည့်ဖြစ်သည်။
မောင်တို့ လက်ဖက်ရည်ဆိုင်က မုန့်ကြော်သည့် အကြော်ဆရာ ကိုတင်ညွန့်သည် ဆိုင်ချင်းကပ်ရပ်ရှိ ဂျလေဘီ၊ လာဒူစသည့် ကုလားမလှိုင်မုန့်၊ မုန့်ချိုများ လုပ်ကာ ရောင်းသည့် ကုလားမလေး မမြင့်စိန်ကို နောက်ပိုး ပိုးနေ၏။ မမြင့်စိန်မှာ ကုလားဆိုသော်လည်း ဗမာသွေးတစ်ဝက်ပါသဖြင့် အသားအရေလှ၏။ မမြင့်စိန်သည် ကိုတင်ညွန့်ကိုလဲ ကြိုက်ချင်သည်။ သူ့အဖေကြီးကိုလည်း အလွန်ကြောက်ရ၏။ သူတို့နှစ်ယောက်သည် ညနေစောင်းလျှင် ရပ်ကွက်ထဲရှိ ဗီဒယိုရုံတွင် ချိန်းတွေ့လေ့ရှိသည်။ မမြင့်စိန်မှာ ဗီဒယိုရုံသို့ တစ်ယောက်ထည်းမသွားရဲသဖြင့် ညိုမောင့်ကို အကြောင်းပြကာ ခေါ်သွားတတ်သည်။ ဗီဒယိုရုံထဲတွင်တော့ ညိုမောင်က ပိတ်ကားရှေ့ရှေ့ဆုံးတန်းက ကြည့်သည်။ သူတို့နှစ်ယောက်ကတော့ နောက်ဆုံးတန်းက ကြည့်၏။
YOU ARE READING
မောင့်ငယ်ဖော်
RomanceUnicode သင်းကွဲငှက်တစ်ကောင်ဟာ "အိမ်"ဆိုတဲ့အရာကို မျှော်လင့်တောင့်တသလိုပဲ မိုးဦးသွင်ဆိုတဲ့ ကောင်လေးဟာ ညိုမောင့်အတွက်တော့ နွေးထွေးတဲ့အိမ်တစ်လုံးလို၊ အန္တရာယ်ကင်းတဲ့ အသိုက်အမြုံတစ်ခုလို အမြဲတမ်း နားခိုချင်နေတဲ့နေရာ..... ZawGyi သငျးကှဲငှကျတစျကောငျဟာ "အ...
