အပိုင်း ၁၆

209 6 0
                                    

Unicode

သင်္ကြန်ရက်များ ပြီးဆုံးသွားပြီးနောက် မောင်တစ်ယောက် အလုပ်ရဖို့ လုံးပမ်းရ၏။ ပြင်ဦးလွင်တစ်မြို့လုံးပတ်ကာ အလုပ်ရှာစခန်းဖွင့်ရသည်။ လက်ဖက်ရည်ဆိုင်အလုပ်ကိုတော့ မလုပ်တော့ဟု စိတ်ကူးမိသည်။ ဘဝတွင် အပြောင်းအလဲတစ်ခုခုကို ရှာကြည့်ချင်မိသည်။ စတိုးဆိုင်များ၊ အဝတ်အထည်ဆိုင်များသို့သွားကာ အရောင်းဝန်ထမ်းလို၊ မလို လိုက်မေးရ၏။ အနီးအနားရှိ ရွာများတွင် စိုက်ပျိုးရေးခြံလုပ်ငန်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းများကိုလည်း စုံစမ်းကြည့်သည်။ အလုပ်အသည်းအသန်ရှာပါမှ အလုပ်မရဘဲ သုံးလေးလခန့် လေလွင့်နေရ၏။ ကြာလာတော့ လူက စိတ်ဓာတ်ကျကာ ရွာကိုပင် ပြန်ရမလိုလိုဖြစ်လာ၏။

ဆရာလေးတို့၊ မိုးဦးတို့ကတော့ အားပေးရှာပါသည်။ မိုးဦးကလည်း အောင်စာရင်းမထွက်သေးသဖြင့် အားလပ်ချိန်ရနေသည်။ နံနက်အိပ်ရာထသည်နှင့် မောင်တို့နှစ်ယောက်သား မြို့မစျေးကြီးထဲသို့သွားကာ တို့ဟူးနွေးနှင့် ခေါပုတ်စားကြသည်။ ထို့နောက် အန်တီလေးမှာသည့် ဟင်းချက်စရာများဝယ်ကာ အိမ်ပြန်ကြ၏။  ထိုကာလတွင် သူတို့နှစ်ဦးအများဆုံး သွားဖြစ်သည့်နေရာမှာ စာကြည့်တိုက်ဖြစ်၏။ စာကြည့်တိုက်တွင် မိုးဦးက စာဖတ်ရင်း ကျန်ခဲ့ပြီး မောင်က အလုပ်ရှာထွက်၏။ တစ်ခါတလေတော့လည်း မိုးဦးပါ လိုက်၍ ရှာပေးတတ်သည်။

ညနေရောက်လျှင်တော့ ညစျေးတန်းသို့ လျှောက်ဖြစ်ကြ၏။ တစ်ခါတရံ ဖိုးလပြည့်နှင့်တွေ့လျှင်တော့ သူထိုင်နေကျ လက်ဖက်ရည်ဆိုင်သို့ ပါသွားတတ်ကြသည်။ မောင်ကတော့ သူတို့နှင့် လက်ဖက်ရည်ဆိုင် မထိုင်ချင်။ ဖိုးလပြည့်၏သူငယ်ချင်းများမှာ သူဌေးသား လူပေါ်ကျော့များဖြစ်သဖြင့် သူတို့ မောင့်ကိုကြည့်သည့် အကြည့်ကို မကြိုက်။ ဖိုးလပြည့်ကို အားနာ၍သာ ထိုင်ဖြစ်ခြင်းဖြစ်သည်။ မိုးဦးကတော့ အလိုက်သိစွာ ဖိုးလပြည့်နှင့် မတွေ့အောင် ရှောင်တတ်၏။

ထိုနေ့ကလည်း ဖြစ်ချင်တော့ မောင်နှင့်မိုးဦးတို့နှစ်ယောက်သား ညစျေးတန်းတွင်ထိုင်နေစဉ် ဖိုးလပြည့်နှင့်တွေ့ကာ လက်ဖက်ရည်ဆိုင်သို့ ပါသွားကြ၏။ ထို့နေထိုင်သည့်ဝိုင်းမှာ ယခင်နေ့များထက် လူပို၍များသည်။ စကားပြောရင်း အော်ကြဟစ်ကြရင်းဖြင့် ခုံချင်းကပ်ထိုင်သည့်ဝိုင်းနှင့် စကားများကြ၏။ ဖိုးလပြည့်နှင့် ဂိမ်းဆိုင်မှ ရန်စသည် လက်ဖက်ရည်ဆိုင်အထိ ပါလာသည်။ မောင်က ကြားထဲမှ ဝင်ဖြန်ဖျေတော့ မောင့်ကို မဲကြတော့သည်။

မောင့်ငယ်ဖော်Where stories live. Discover now