အပိုင်း ၆

220 8 0
                                    

Unicode

"ငါ့ဖေဖေနာမည်က ဦးမိုးမြင့်၊ မေမေက အေးငြိမ်းသွင်၊ ငါက ဖေဖေနာမည် မိုးရယ်၊ မေမေ့နာမည် သွင်ရယ်၊ နောက် ငါက အရင်ဆုံးမွေးတာ၊ အဲ့ဒါကြောင့် မိုးဦးသွင်တဲ့"

"မောင်.... မင်းကရော ညိုမောင်လို့ ဘာလို့ပေးထားတာလဲ"

မောင်တို့ နှစ်ဦး ကျောင်းဝင်းထဲရှိ လက်ပံပင်ကြီးအောက်တွင် လက်ပံပွင့်များကို ကောက်ရင်း ကစားနေကြသည်။ မောင်က လက်ပံပွင့်ထဲရှိ အနီရောင် ဝတ်စံလေးကို လက်နှင့်ဖဲ့လိုက်ပြီး ပြော၏။

"ငါက.... ငါက...."

တကယ်တမ်း မောင့်နာမည်သည် မည်သည့်အဓိပ္ပါယ်ရှိမှန်း မောင်မသိပါ။ အဘနှင့် အမနာမည်ထဲတွင်လည်း ညိုရော မောင်ပါ မပါကြ။ ထို့ကြောင့် တွေးစကာဖြင့်
"ငါ မသိဘူး" ဟု ပြောရင်း နောက်တစ်ခါ ကြီးမေလာလျှင် ဒီအကြောင်း မေးရမည်ဟု တေးထားလိုက်သည်။

"မောင်.....တီကောင်က ကျောရိုးရှိသတ္တဝါလား၊ ကျောရိုးမဲ့သတ္တဝါလား"

မိုးဦးက ဆရာလေး သင်ပြသည့် လေသံကို အတုခိုးကာ မေး၏။ မောင်သည် နေ့တိုင်းလိုလို အလုပ်နားသည်နှင့် မိုးဦးတို့ဆီ အမြဲလာတတ်သည်။ မောင်လာပြီဆိုလျှင် ဆရာလေးက မောင့်ကို စာသင်ပေးလေ့ရှိသည်။ ဆရာလေး စာမသင်ဖြစ်သည့် နေ့များတွင် မောင်နှင့် မိုးဦးတို့ နှစ်ယောက်သား ပြေးလွှားကာ ကစားကြသည်။ မောသည့်အခါ နား၍ ကာတွန်းစာအုပ်များ၊ ပုံပြင်စာအုပ်များ ဖတ်ကြသည်။

"ကျောရိုးမဲ့ သတ္တဝါ" ဟု ပြန်ဖြေရင်း မိုးဦးခြေထောက်အနီးရှိ တီကောင်ကိုယ်ပေါ်သို့ မြေများကို တုတ်နှင့်ခြစ်ကာ ပက်လိုက်၏။ ထိုအခါ မိုးဦးက စိတ်ဆိုးသည့်လေသံဖြင့် မောင့်ကို ဆုံးမသည်။

"မောင်... အဲ့လိုမလုပ်နဲ့လေ၊ သူများအသက်သတ်တာ ပါဏာတိပါတာကံကျူးလွန်တာပဲ၊ ငရဲကြီးလိမ့်မယ်"

"မသေပါဘူး မိုးဦးရ"

"မောင် လုပ်လို့ ဟိုမှာ သေတော့မယ်၊ တွန့်လိမ်နေတာပဲ"

မောင်က တီကောင်ကို တုတ်ဖြင့် ကလော်ကာ အဝေးကို လွှင့်ပစ်လိုက်လေသည်။ မိုးဦးက အမြဲ ဒီလိုပင် လူကြီးတစ်ယောက်ကဲ့သို့ မောင့်ကို ဆုံးမတတ်သည်။ နောက်ပြီး ဆရာလေးကို အတုခိုးကာ မောင့်ကို မေးခွန်းများလည်း မေးတတ်သေး၏။ မောင်ကတော့ အဖြေသမား။ နားထောင်သမား။ မိုးဦး ပြောသမျှ အားလုံးလိုက်နာတတ်သည်။ ဘဝတွင် အမပြီးလျှင် မောင် အခင်တွယ်ဆုံးလူမှာ မိုးဦးဖြစ်သည်။ ထိုခင်တွယ်မှု သံယောဇဉ်လေးသည် တစ်ချိန်ချိန်၌ အချိန်မရွေး ပုံစံအသစ်တစ်ခုသို့ ပြောင်းလဲသွားတတ်သည်ကိုမူ ထိုစဉ်က မောင်ရော မိုးဦးပါ မသိခဲ့ကြပေ။ ပုတ်သင်ညိုတစ်ကောင်သည် လက်ပံပင်ပေါ်သို့ တွားသွားကာတက်နေသည်ကို မြင်ရသည်။ ပုတ်သင်ညိုသည် နေရာဒေသနှင့် စိတ်ခံစားချက်ကိုလိုက်ကာ အရောင်ပြောင်းလဲတတ်ကြောင်း ဆရာလေး သင်ပေးဖူး၏။

မောင့်ငယ်ဖော်Where stories live. Discover now