အပိုင်း ၄

247 8 1
                                    

Unicode

နေ့လည်ခင်း လူရှင်းချိန်ဖြစ်၏။ ဆိုင်ထဲတွင် အတွင်းဘက် ထောင့်အကျဆုံးခုံ၌ တိတ်ဆိတ်စွာ ထိုင်နေသော  ဘကြီးအောင်တစ်ယောက်သာ ရှိသည်။ ကျူရိုးကဲ့သို့ ပိန်လှီလှသော သူ၏ ခြေထောက်နှစ်ချောင်းကို ထိုင်ခုံအပုလေးပေါ်တင်ကာ ဒူးထောင်၍ ထိုင်နေ၏။ ဆေးပြင်းလိပ်တစ်လိပ်ကို စိတ်လက်ရှိစွာ ဖွာရှိုက်ရင်း အရသာခံနေလေသည်။ လက်ဖက်ရည်သည် အခြေခံလူတန်းစားတို့၏ ဇိမ်ခံပစ္စည်းဖြစ်သည်ဟု စာရေးဆရာတို့ ဆိုကြလေသည်။

ညိုမောင်သည် သတင်းစာပေါ်မှ စာလုံးအမည်းနှင့်ရေးထားသော စာလုံးများကို အသံထွက်ကာ ဖတ်နေသည်။

"ဘာတွေ ဖတ်နေတုန်းကွ"

အသံကြား၍ မော့ကြည့်လိုက်ရာ ဆရာလေး ဖြစ်နေ၏။
ညိုမောင် အနည်းငယ် ရှက်ရွံ့သွားပြီး အင်္ကျီအောက်အနားစကို လက်ဖြင့် ဆုပ်ကာ အောက်သို့ ဆွဲဆွဲချနေ၏။

"ဖတ်ပြစမ်းပါအုံး၊ ဘာတဲ့တုန်း"
ဆရာလေးက ပြောတော့ ညိုမောင် ထွက်ပြေးချင်လာသည်။

"မရှက်ပါနဲ့ကွ၊ ဘာသတင်းထူးတွေပါလဲလို့ သိချင်လို့ပါကွ"
ညိုမောင် သတင်းစာကို အသံထွက်ကာ ဖတ်လိုက်သည်။

".............."

"ကောင်းတယ်ကွာ၊ မင်း တော်သားပဲ"
ဆရာလေးက ဆက်၍ ဖတ်ခိုင်းသဖြင့် သတင်းတစ်ပိုဒ်လုံးပြီးအောင် ဖတ်ပြလိုက်လေသည်။

"အေး၊ မင်း အားတဲ့အချိန်ကျရင် ကျောင်းထဲကို လာခဲ့ကွာ၊ ငါ စာသင်ပေးမယ်"

ညိုမောင် ရင်တွေ ခုန်နေသည်။ ပျော်လွန်းသဖြင့် ယခုပင် ထ၍ ကချင်လာသည်။ သူ၏ မျက်လုံးနက်နက်များသည် ကြယ်ပွင့်လေးများကဲ့သို့ တောက်ပကာ ရွှမ်းလဲ့နေကြ၏။
ဆရာလေးက ဆက်ပြောသည်။

"ငါ့မှာလဲ မင်းနဲ့ ရွယ်တူ သားတစ်ယောက်ရှိတယ်ကွ၊ မင်းတို့နှစ်ယောက် အဖော်ရတာပေါ့" တဲ့။
.......

မနက်ဆိုင်စဖွင့်ကတည်းက ညိုမောင်တစ်ယောက် အလွန်တက်ကြွနေ၏။ ဧည့်သည်တို့ ခေါ်သမျှ သူက အရင်ဆုံး ပြေးသွားသည်။ စားစရာမှာတော့လည်း ယခင်ကထက်ပင် အသံကျယ်နေသည်။
ဆိုင်ရှင် လေးလေးကတောင်
"ဒီနေ့၊ ငကျစ်တို့ အူမြူးနေတယ်ကွ" ဟုပင် ပြောရ၏။

မောင့်ငယ်ဖော်Where stories live. Discover now