အဝါရောင် သတ်မှတ်ချက်များ

363 31 0
                                    

သူမနဲ့ အပြင်မှာ ရုတ်တရက်ပြန်တွေ့ဖြစ်ခဲ့ရင်
ဟန်နီ ဆိုတဲ့ နာမ်စားမသုံးမိအောင်
ဘယ်လိုကြိုးစားရမလဲ ကျွန်မ မသိဘူး...။

ဟန်နီဆိုတဲ့ နာမ်စားမသုံးခင် သူမကို ဘယ်လို နာမ်စားမျိုးသုံးပြီး ခေါ်ခဲ့လဲ ကျွန်မ မမှတ်မိတော့။ တခြားလူတွေကိုခေါ်နေကျအတိုင်း အစ်မ ဆိုတဲ့ နာမ်စားသုံးခဲ့တာလား ဒါမှမဟုတ် သူမနာမည်ကို ဒီတိုင်းခေါ်ခဲ့တာလား ကျွန်မ မမှတ်မိတော့။
မှတ်လည်းမမှတ်မိချင်ခဲ့။
အခုတော့ သူမနဲ့ ပြန်တွေ့ဖြစ်ခဲ့ရင် ဘယ်လိုနာမ်စားမျိုး သုံးနှုန်းရမလဲဆိုတာ ကျွန်မ အတွက်အရေးကြီးတဲ့ ကိစ္စတစ်ခုလို စဉ်းစားနေရပြီဖြစ်သည်။

တစ်ခါတစ်ရံမှာ အဝေးကိုပြေးထွက်ခဲ့တယ်ဆိုတာ
သတ္တိမရှိလို့မဟုတ်ဘဲ သူပျော်‌ရွှင်နေတာပဲ‌မြင်‌ချင်တဲ့စိတ်တစ်ခုတည်းနဲ့လည်း ဖြစ်နိုင်တယ်မလား။

အမှန်တော့ ကျွန်မဟာ သူမနဲ့ ပတ်သက်ရင်
သတ္တိမရှိတဲ့လူတစ်ယောက်ပါ။
သူ‌မရဲ့ စိတ်ကလေး မပျော်နေမှာ သေမလောက်ကြောက်ပါသည်။

လူတိုင်းမှာ မဖြစ်မနေပြန်သွားချင်မိတဲ့ လူတစ်ယောက်စီတော့ ရှိဖူးကြတယ်မလား။
သူ့ကိုဆို ဘာမဆိုခွင့်လွှတ်ပေးတတ်ကြပြီး 
သူ့က ကိုယ့်အတွက် အရာရာဖြစ်နေတဲ့လူမျိုးပေါ့။

သူမမှာလည်း ထိုကဲ့သို့လူတစ်ယောက်ရှိနေပြီးသားလေ။
သူမက အရာအားလုံးထက် အဲ့ဒီတစ်ယောက်ကိုပဲ ရွေးချယ်သွားခဲ့တယ်။
တစ်နည်းအားဖြင့် သူမအချစ်ရဆုံး လူသားတစ်ယောက် ပြီးတော့ သူမအချစ်ရဆုံး အမျိုးသား။

ကိုယ့်ကို ဘယ်တော့မှ ပြန်မချစ်နိုင်တဲ့ လူတစ်ယောက်ဆီက ချစ်ချင်းမေတ္တာကို မျှော်လင့်မိတဲ့ ကျွန်မအမှားသာဖြစ်လိမ့်မည်။

ကျွန်မ သူမကို ချစ်နေတယ်ဆိုတဲ့အကြောင်းကို
မသိမသာဖော်ပြခဲ့သလို ‌သေချာသိသာအောင်လည်း
‌ဖွင့်ပြောဖူးပါသည်။

ဟန်နီလို့ခေါ်ခဲ့ဖူးတဲ့ လူ‌တစ်ယောက်ကို အစ်မလို့ ပြောင်းခေါ်ရမှာ ကျွန်မအတွက် အနည်းငယ် ခက်ခဲခဲ့ပါသည်။

ကျွန်မက အစ်မဆီက‌နေ ပြေးထွက်ခဲ့ရသူဖြစ်ပြီး
အစ်မကတော့ ကျွန်မဖြစ်တည်မှု ဒါမှမဟုတ်
တည်ရှိမှုကို တစ်နေ့ကျရင် မေ့သွားမယ့်သူ။

Rubylili (one shot collections)Where stories live. Discover now