Wish

456 32 0
                                    

သူနဲ့ ပတ်သက်သမျှဟာ တိတ်ဆိတ်စွာ
အဆုံးသတ်သွားလိမ့်မယ်လို့ ကြိုတင်မှန်းဆမှုမပြုခဲ့သလို တစ်ခါမျှစိတ်ကူးမကြည့်ဖူးခဲ့ပါ။

သူကတော့ တခြားလူတွေလို တိတ်ဆိတ်သွားမှာ
မဟုတ်ဟု ယုံကြည်ခဲ့ခြင်းကြောင့်လားမသိတော့။
ခံစားရမှုက တခြားသူတွေကြောင့်ခံစားရတာထက်
နှစ်ဆ သုံးဆ မက နာကျင်ရပါသည်။

'သံယောဇဥ်တွေဘယ်လောက်တွယ်ခဲ့လို့လဲ'
ဆိုတဲ့ ရုတ်တရက်မေးလိုက်တဲ့ မေးခွန်းကို ကျွန်မ
မဖြေတတ်ခဲ့။
သံယောဇဥ်ဟာ ဖြတ်ဖို့အခက်ဆုံးပဲဆိုတဲ့
ဒီစကားဟာ အကြံပေးချက်လား အသိပေးချက်လား ကျွန်မ မဝေခွဲနိုင်ခဲ့ပေ။
ကျွန်မကိုယ်တိုင်လည်း သူ့အပေါ်ဘယ်လောက်ထိ
သံယောဇဥ်တွယ်ခဲ့လဲ မသိတော့။
ကျွန်မချစ်ခဲ့တဲ့ သူစိမ်းတွေထဲမှာတော့ သူဟာ
အချစ်ရဆုံးသူပင်။

လူတစ်ယောက်ကို ဘယ်လောက်ထိ ချစ်သွားနိုင်လဲ ကျွန်မ မသိဘူး။
သူ့ကိုတော့ဖြင့်အဆုံးအစွန်ထိချစ်နိုင်တယ်။
ဒါဟာ သူနဲ့ ပတ်သက်ပြီး ကျွန်မယုံကြည်ချက်တစ်ခုပင်။
အရာရာဟာ သူ့နေရာနဲ့သူ နေသားတကျ ဖြစ်သွားဖို့
အချိန်ဘယ်လောက်လိုအပ်လဲ။
ဒါမှမဟုတ် သူနဲ့ဆုံခဲ့တဲ့ အတိတ်ထဲမှာပဲ အမြဲနေရဖို့အတွက် ဘာတွေလိုအပ်ပါသလဲ ။

အချိန်တွေကို ဝယ်လို့ရရင် သူနဲ့ပျော်ရွှင်ခဲ့ရတဲ့
အချိန်လေးတွေကို ပြန်ဝယ်ချင်ပါတယ်။
ဒါဟာ အတ္တဆိုလည်း အတ္တပေါ့။
အရေးကြီးတာက ကျွန်မသူ့ကိုလိုအပ်တယ်။
အရာအားလုံးထက် ကျွန်မဘေးမှာ သူရှိနေဖို့လိုအပ်တယ်။
ကျွန်မအနားမှာ သူရှိနေရင် ကျွန်မအတွက် နိဗ္ဗာန်ဘုံ။

.........

ဧပြီမှာ ပန်းဝါဝါလေးတွေပွင့်တော့ သူ့ကိုသတိရတယ်။ စိတ်ကူးကလေးပါပဲ သူ့နားရွက်ကြား
ပန်းဝါဝါလေးပန်ပေးချင်တယ်။

အပြင်မှာမျက်နှာချင်းဆိုင်တွေ့ဖို့တောင် ခက်ခဲသွားတဲ့ ဆက်ဆံရေးမျိုးပေမယ့် သူ့ကို အိပ်မက်ထဲမှာ ခဏခဏတွေ့တဲ့အခါ ချက်ချင်း ' သူရပ်ဝန်းမှာအေးချမ်းပျော်ရွှင်နေပါစေ။' လို့ဆုတောင်းမိသည်အထိ။
ရယ်ရတယ်မလား ကိုယ့်အတွက်ဆို ဆုတောင်းဖို့မေ့နေတတ်တဲ့ ကျွန်မက သူ့ကိုအိပ်မက်ထဲမှာခဏလေးမြင်မိတာနဲ့ အရူးလိုမျိုးလုပ်မိသည်အထိလေ။
ပြီးရင် မိဘမဲ့ကျောင်းတစ်ကျောင်းကျောင်းမှာ
သူ့အတွက်ဆိုပြီး အလှူလုပ်ပေးဖြစ်လိမ့်မည်။
ကျွန်မအိပ်မက်ထဲသူရောက်လာရင် သူနေမကောင်းဖြစ်နေလို့ ဒါမှမဟုတ် အဆင်မပြေမှုတစ်ခုဖြစ်နေတာလို့ ကျွန်မယုံကြည်ထားလို့ပင်။
ဘာလို့ အဲ့လိုမျိုး ယုံကြည်သွားသလဲဆို
သူ့ကို အိပ်မက်မက်ပြီးနောက်နေ့ သူနေမကောင်းဘူးဆိုတဲ့ သတင်းကြားပြီးကတည်းကပင်။

Rubylili (one shot collections)Tempat cerita menjadi hidup. Temukan sekarang