復讐 | Revenge

826 139 9
                                    

ဆောင်းဟန်ဘင်း၏ ရုတ်တရက် ဆန်လွန်းလှသည့် ဆုံးဖြတ်ချက်ကြောင့် ဂျီအွန်းက အတော်လေး အံ့သြသွားပါသည့်တိုင် သခင်လေး ဖြစ်သူ၏ ခိုင်းစေချက်အတိုင်း အမတ်လီ၏ အိမ်တော်သို့ သွားခဲ့ပြီး သခင်လေးဆောင်းက လက်ထပ်ပွဲ ကျင်းပဖို့အတွက် သဘောတူပါကြောင်း စကားပြန်ပါးပေးခဲ့သည်။

အမတ်လီ ပျော်ရွှင်သွားခဲ့ပုံမှာ မျက်နှာတစ်ခုလုံးတောင် ရဲတက်သွားရသည်အထိပင် ၊ ထို့နောက်တွင်မူ ဂျီအွန်းကို သေချာလေး ဖျောင်းဖျပေးပါသဖြင့် ကျေးဇူးတင်ကြောင်း ဆိုလာပါသည့်တိုင် ဘာမှ ဝင်မပါခဲ့ပါသည့် ဂျီအွန်းက ဘယ်လိုမျိုး စကားပြန်ရမလဲတောင် မသိခဲ့ပါချေ။

သူ ကိုယ်တိုင်ကသာ ဒီနွံထဲ၌ နက်နက်ရှိုင်းရှိုင်း နစ်ဝင်မနေခဲ့ပါလျှင် သခင်လေးဆောင်းကို ဒီလက်ထပ်ပွဲအား လုံးဝ လက်မခံဖို့အတွက်တောင် တားမြစ်မိလောက်ပါသည်။

ဆောင်းဟန်ဘင်းက အခြားသော အမတ်များ၏ အသုံးချခံဘဝကို အလကားနေရင်း ရောက်သွားသင့်သည့် လူမျိုး ဟုတ်မနေပါချေ။ သူ့တောင်ပံများကို ဖြန့်ကျက်ရင်း ပြာလဲ့နေသော ကောင်းကင်ထက်၌ လှလှပပ ပျံသန်းနေသင့်ပါသည့် လိပ်ပြာလေးတစ်ကောင် ဖြစ်သင့်သည်ပင် ၊ တောင်ပံများကို ရိုက်ချိုးခံရပြီး လှောင်အိမ်မမည်သော ထောင်အတွင်း၌ အချုပ်ကျနေရမည့် ဘဝမျိုး မဖြစ်သင့်။

သို့သည့်တိုင် သူ့ခံစားချက်များအားလုံးကိုလည်း ဂျီအွန်းက ထုတ်ပြောလို့ မဖြစ်ခဲ့ပါချေ။ ဆယ်ကျော်သက် အရွယ်ကတည်းက အမတ်မင်းဆောင်း၏ ကိစ္စအဝဝကို တာဝန်ယူပေးလာသူ ဖြစ်ပါသည့်တိုင် သူ့လက်ဖဝါးတွင်လည်း သွေးများက ထပ်တူထပ်မျှ စွန်းထင်နေနှင့်ပြီးသား ၊ ထို့အပြင် သခင်လေးဆောင်းကို ဘာမှ မသိရလေအောင် ဟန့်တားထားပါသည့် အပြစ်များကလည်း ရှိနေပါသေးသည်။

အမတ်များကသာ တစ်ခုခု ဖြစ်ပါလျှင် ဂျီအွန်းကပါ အန္တရာယ်တွင်းထဲ ရောက်ပါလိမ့်မည် ၊ ထို့အပြင် အိမ်ရှေ့စံမင်းသားနှင့် အနီးဆုံးနေရာတွင် ရှိနေပါသည့် သူ့ညီဖြစ်သူ ဂယူဘင်းကလည်း ဘာမှ မလုပ်မိပါသည့်တိုင် ပုန်ကန်မှုထဲ ဆွဲအသွင်းခံလိုက်ရမည် မဟုတ်ပါလား..။

Frosted Flora | 凍える花Where stories live. Discover now