လက်ချင်းချိတ်လျက် ရွာလေးအတွင်းသို့ အတူတူ ဝင်သွားချိန်တွင် သူတို့ကို ကြည့်နေသည့် မျက်လုံးများက သိပ်ကို များပြားလွန်းလှကြောင်း ဟန်ဘင်း အတိုင်းသား ခံစားမိလိုက်ရသည်။ ဟာအို့ကို လာရောက်ပြီး နှုတ်ဆက်ချင်သူများလည်း အပြည့် ရှိနေပါသည့်တိုင်း ဘေး၌ ရပ်နေပါသည့် သူ့ကို ကြည့်ရင်း မျက်နှာများ သုန်မှုန်ပြီး မည်းသွားသူများက မနည်းမနော။
သူ့အဖေတွေက ဘာတွေကို ဘယ်လောက်အထိ လုပ်ထားသဖြင့်များ အခြားလူများက ဒီလောက်အထိ ခါးခါးသီးသီး ဖြစ်နေရလေသလဲ ဆိုသည့် အကြောင်းကို ဟန်ဘင်းခမျာ မတွေးဘဲ မနေနိုင်ခဲ့။
ထို့အပြင် ဤနေရာတွင် ရှိနေသူ တော်တော်များများက ဟာအို့ကို ခေါင်းဆောင်ကောင်းတစ်ယောက်သဖွယ် သတ်မှတ်ထားလေပြီး လေးစားသမှုအပြည့်ဖြင့် ရိုကျိုးကြသူများ ဖြစ်ကြလေရာ ထိုကဲ့သို့သော လူ၏ ဘေးတွင် သူတို့ဘဝကို ခါးသီးလေအောင် ပြုလုပ်ခဲ့သူ တစ်ယောက်၏ မျိုးဆက်က ယှဥ်တွဲရှိနေပုံကို မြင်လိုက်ရခြင်းက အတော်လေးတော့ နှလုံးနာစရာ ဖြစ်လို့နေပါလိမ့်မည်။
ရွာထဲရှိ ဆိုင်များကို ဟာအိုက တစ်ခုချင်းစီ မိတ်ဆက်ပေးနေရင်းဖြင့် သူ့လက်ကို တင်းနေအောင် ဆွဲထားဆဲ။ ဟန်ဘင်းအတွက်ကတော့ ထိုလက်ချောင်းများကို ဆုပ်ကိုင်ထားနိုင်ခြင်းကကို အပြစ်စိတ်တစ်ခုလိုမျိုး ဖြစ်လို့လာရ၏။
ဟာအိုက ဆက်ပြီးတော့ ပြောလာမည့် ဇာတ်ကြောင်းများကို သူ့မှာ ဘယ်လိုစိတ်ဖြင့် ဆက်ပြီးတော့ နားထောင်ရမလဲတော့ မပြောတတ်ပါတော့ချေ။ သေချာနေသည်မှာတော့ ဟာအိုက လူတိုင်းနှင့် အတိုက်အခံ လုပ်ပြီး သူ့ကို ရွေးချယ်လာခဲ့ခြင်း ဖြစ်လေပြီး သူ့ကိုပါ အလင်းဘက်သို့ ဆွဲသွင်းဖို့အတွက် အတတ်နိုင်ဆုံး ကြိုးစားလာမည်မှာ အသေအချာ။
"ဟန်ဘင်း ဘာဖြစ်လို့လဲ"
လမ်းကြားတစ်ခုထဲသို့ အရောက်တွင် ဟာအိုက သူ့ကို လှမ်းကြည့်လာပြီးနောက် လေသံတိုးဖျော့ဖျော့လေးဖြင့် မေးလာခဲ့သည်။ ဟန်ဘင်းကမူ ဒီအတိုင်း ခေါင်းခါပြရုံအပြင် မတတ်နိုင်ခဲ့။

YOU ARE READING
Frosted Flora | 凍える花
FanfictionWhat could spring bring to a frozen flower? Warmth or unwanted fever? Sung Hanbin x Zhang Hao