မနက်မိုးလင်းလေသည့်အခါ ဟန်ဘင်းအတွက် အဆန်းကြယ်ဆုံး ဖြစ်နေသည်မှာတော့ သူ့ရင်ဘတ်ထဲ၌ တိုးဝှေ့နေပါသည့် ခေါင်းလုံးလုံးလေးပင် ဖြစ်ပါလိမ့်မည်။ အစတုန်းက သူ့လက်မောင်းပေါ်၌ အိပ်နေခဲ့သည့် ဟာအိုက ဘယ်လိုလုပ်ပြီးတော့ သူ့ရင်ဘတ်နှင့် မျက်နှာချင်းဆိုင် ဖြစ်သွားရသလဲ သူ မသိနိုင်ခဲ့။ ဟန်ဘင်းကိုယ်တိုင်လည်း တစ်ညလုံးနီးပါးတော့ မအိပ်ဘဲ စောင့်ကြည့်နေခဲ့ပါသည့်တိုင် ဘာမှ ထူးထူးခြားခြား ဖြစ်မလာခဲ့ပါသဖြင့် သူ ကိုယ်တိုင်လည်း မှေးခနဲတော့ အိပ်ပျော်သွားခဲ့ပါ၏။
ဝေဝါးနေသည့် မျက်လုံးများကို လက်တစ်ဖက်ဖြင့် ပွတ်လိုက်ပြီး ငုံ့ကြည့်မိလိုက်သည့်အခါ မြင့်မားပါသည့် နှာတံနှင့် ပါးမို့များက သူ့ကို ဆီးကြိုနေခဲ့လေ၏။ ဟန်ဘင်းကို အိပ်မက်ဆိုး မမက်ရလေအောင်ဆိုပြီး ဖက်အိပ်ဖို့ ကမ်းလှမ်းခဲ့သူက ဟာအိုက ဖြစ်ပါသည့်တိုင် လုံးဝကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားသူကလည်း ဟာအိုကိုယ်တိုင် ဖြစ်လို့နေခဲ့လေသည်။
တစ်ညလုံး ဖိခံထားရသဖြင့် ဟန်ဘင်း၏ လက်မောင်းတစ်ဖက်က ထုံကျဥ်နေလျက်သား။ ကိစ္စတော့ မရှိပါ ၊ ဟိုလွှဲဒီလွှဲ ခေတ္တမျှ လုပ်လိုက်ပါလျှင် ပြန်ကောင်းသွားလိမ့်မည်သာ။
လက်ရှိ အရေးကြီးသည်ကမူ ဟာအို့ကို မနိုးသွားအောင် ကြိုးစားရင်းဖြင့် သူက ဘယ်လိုမျိုး ထရလေမလဲ ဆိုသည့် ကိစ္စပင်။ ဖြစ်နိုင်ပါလျှင် သူ ကိုယ်တိုင်လည်း အိပ်ရေးမဝပါသဖြင့် ဆက်ပြီးတော့ အိပ်ချင်နေခဲ့ပါသည့်တိုင် ဒီနေ့ကျမှ လုပ်စရာအလုပ်များက များနေခဲ့သည် မဟုတ်ပါလား။
ထို့ကြောင့် ဟာအို၏ လည်တိုင်ကို ဖွဖွလေးကိုင်ရင်းဖြင့် ဘေးတွင် ရှိနေသော ခေါင်းအုံးပေါ်သို့ ပို့ပေးအပြီး သူက ထဖို့ ပြင်သင့်ခဲ့ပါသည့်တိုင် ငြိမ်းငြိမ်းချမ်းချမ်းဖြင့် အိပ်နေသည့် မျက်နှာပေါ် အကြည့်ရောက်သွားပါသည့်အခါ စက္ကန့်ပိုင်းလောက်မျှ တွေဝေသွားပြီး ငေးကြည့်နေမိလေသည်။ လှပသည့် အနုပညာများကို အချိန်ကြာကြာပေးကာ သက်ဝင်ရှုစားပေးခြင်းဟာ ထိုအနုပညာကို တန်ဖိုးထားပေးခြင်း တစ်ခုပင် မဟုတ်ပါလား။
VOUS LISEZ
Frosted Flora | 凍える花
FanfictionWhat could spring bring to a frozen flower? Warmth or unwanted fever? Sung Hanbin x Zhang Hao