告白 | Confession

781 130 7
                                    

ဆောင်းဟန်ဘင်းဟာ သူ ဘယ်လိုလုပ်ပြီးတော့ အိပ်ပျော်သွားမှန်းတောင် မသိလိုက်ပါ။ စိတ်ကို လုံးလုံးလျှော့ချလိုက်သည့်အချိန်၌ ပင်ပန်းနွမ်းလျမှုများက သူ့စိတ်နှလုံးတစ်ခုလုံးကို လွှမ်းခြုံသွားခဲ့ပုံပေါ်ပါသည်။

သူ နိုးလာသည့်အချိန်၌မူ နေရောင်ခြည်က ပြတင်းပေါက်မှ စက္ကူစကို ပါးပါးလေး ဖောက်ထွင်းပြီး ဝင်လာခဲ့ပြီဖြစ်ပြီး အခန်းတစ်ခန်းလုံးလည်း လင်းထိန်လို့နေလေပြီ။ သူကမူ ဘယ်ကနေ ဘယ်လို အိပ်ရာပေါ်၌ အိပ်ပျော်သွားလေခဲ့သလဲ မသိပါချေ။ သက်သောင့်သက်သာ မရှိသည့် ပုံစံအနေအထား ဖြစ်လေသောကြောင့် နိုးလာသည်နှင့် တပြိုင်နက် ကိုက်ခဲနေပြီဖြစ်သည့် လည်ပင်းကို လှမ်းပြီးတော့ ကိုင်မိလိုက်၏။

ထို့နောက်တွင်မူ အသိစိတ်က လုံးဝ နိုးကြားလာသည့် အချိန်၌မူ သူ ရောက်နေပါသည့်အခန်းဟာ မနေ့တုန်းက နောက်ဆုံး ရှိနေခဲ့သည့် အခန်းမဟုတ်ပါကြောင်း သတိထားမိသွားရသည်။ ထို့ကြောင့် ချက်ချင်း ထလိုက်ရင်းဖြင့် ဘေးဘီဝဲယာကိုတောင် အကဲမခတ်တော့ဘဲ တံခါးကို ဆွဲကာ အပြင်ကို ထွက်လိုက်ချိန်၌မူ ဆန်ပြုတ်တစ်ပွဲကို ကိုင်ထားရင်းဖြင့် တစ်နေရာရာသို့ သွားဖို့ ပြင်နေသည့် ဂွန်းဝုနှင့် သွားပြီးတော့ ဆုံရှာသည်။

" သခင်လေးဆောင်း "

ဂွန်းဝုက သူ့ကို ခေါင်းညွတ်ပြရင်း အရိုအသေပေးလာသည့်အခါ ဟန်ဘင်းက အလျင်အမြန် လက်ကို ခါပြမိလိုက်၏။ ထို့နောက်တွင်မူ လက်ထဲ၌ ကိုင်သည့် ဆန်ပြုတ်ပန်းကန်ကို ကြည့်လိုက်ရင်းဖြင့် ခေါင်းကို အနည်းငယ်မျှ အလုပ်ပေးလိုက်လေရာ အဖြေက တမဟုတ်ချင်းကို ထွက်လာလျက်သား။

" ဟာအို့အတွက်လား "

" ဟုတ်ကဲ့ သခင်လေးကို ဝါးရလွယ်မယ့် စားစရာတွေပဲ စားဖို့အတွက် မှာထားလို့ပါ "

သူ ဘယ်ကို ရောက်နေတာလဲ ဆိုသည့် တုံးတုံးအအ မေးခွန်းမျိုးကိုတော့ ဟန်ဘင်း ထုတ်မမေးချင်ပါတော့။ သူ မြင်နေရသည့် ခန်းဆီးလိုက်ကာဖျော့ဖျော့များနှင့် နီမြန်းနေသော အဆင်တန်ဆာများကို ကြည့်လိုက်ရုံဖြင့်ပင် မနေ့ညတုန်းက သေရည်ဆိုင်တွင် ရှိနေဆဲဖြစ်ကြောင်း ဟန်ဘင်း အသိ။ ထို့ကြောင့် ဟန်ဘင်းဟာ ချောင်းအနည်းငယ်မျှ ဟန့်လိုက်ပြီးနောက် ဂွန်းဝုထံသို့ မကြည့်ဘဲ ဆက်မေးလိုက်၏။

Frosted Flora | 凍える花Where stories live. Discover now