အိမ်ကို ပြန်ရောက်လာသည်နှင့် ဟန်ဘင်း ပထမဦးစွာ လုပ်မိခဲ့သည်မှာ လည်ပင်း၌ ထင်းနေသည့် အညိုအမည်းများကို ကြေးမုံထဲမှတစ်ဆင့် စိုက်ပြီး ကြည့်နေမိခြင်းပင်။ ထင်းနေပါသည့် လက်အရာကို ကြည့်နေရင်း မကြာသေးခင်ကမှ ခံစားခဲ့ရသည့် မွန်းကြပ်မှုများကို နောက်တစ်ကြိမ်ပြန်ပြီးတော့ ခံစားမိလာခဲ့သလို။
ဂျီအွန်းသာ ပြန်ရောက်လာလို့ ထိုအညိုအမည်းများကို မြင်ပါလျှင် ဟန်ဘင်းကို မေးလို့မြန်းလို့ ဆုံးတော့မည်ကို မဟုတ်ပါချေ။ ထို့ကြောင့် ဟန်ဘင်းဟာ အယောင်ကျစေသည့် လိမ်းဆေးတစ်ခုကို ထုတ်လိမ်းလိုက်ရင်းဖြင့် အိပ်ရာကို ခင်းကာ စောင်ကို ခေါင်းမြီးခြုံလိုက်ရင်းဖြင့် ဝင်အိပ်နေမိလိုက်သည်။
// စောင်ခြုံမှာလား ဖက်ထားမှာလား တစ်ခုပဲ ရွေးလေ သခင်လေးဆောင်းဟန်ဘင်းရဲ့ //
လက်ရှိတွင် မေ့ထားပစ်ချင်နေပါသည့် အသံတစ်ခုက ဦးနှောက်ထဲ၌ ပဲ့တင်ထပ်သွားသည့်အခါ ဆောင်းဟန်ဘင်းက အံကြိတ်ရင်းဖြင့်သာ မျက်လုံးကို တင်းနေအောင် မှိတ်ထားမိလေ၏။ သို့သည့်တိုင် အခြေအနေများက ပိုလို့တောင် ဆိုးလာရပါတော့သည်။
အခန်းထဲရှိ နေရာတိုင်းတွင် ဟာအို၏ အငွေ့အသက်များက လွှမ်းခြုံလို့ နေခဲ့သည်။ သူတို့နှစ်ယောက် နေ့တိုင်းနီးပါး အတူတူ အိပ်စက်ခဲ့ပါသည့် နေရာ ၊ ညတိုင်းလိုလို ညဥ့်နက်သည်အထိ စကားတွေ အများကြီး ထိုင်ပြောခဲ့ပါသည့် နေရာ ၊ သူ စိတ်ညစ်လာပါလျှင် ဟာအိုက နှစ်သိမ့်ပေးပြီး ဗျပ်စောင်းသံလှလှလေးများကို သူ့အား နားစွင့်စေခဲ့သည့် နေရာ..။
ဤမျှ များပြားလွန်းပါသည့် အမှတ်တရများကို ဟာအိုက သွေးအေးအေးဖြင့် ကျောခိုင်းခဲ့ပြီး သူ့ကို သစ္စာဖောက်သွားဖို့ ဆုံးဖြတ်ချက်ချခဲ့သည် မဟုတ်ပါလား။ ဘာဖြစ်လို့များ ဆောင်းဟန်ဘင်း၏ သံယောဇဥ်အမျှင်အတန်းများက ယခုထက်ထိ မပြတ်နိုင် ဖြစ်နေခဲ့ရပါသနည်း။
အခြေအနေတစ်ခုလုံးကို ခြုံငုံကြည့်လိုက်ရပါလျှင် မုန်းဖို့ အကောင်းဆုံးလူက သူ ကိုယ်တိုင်တောင် ဖြစ်မလားမသိပါ။ တစ်ဖက်က ပြတ်သားနိုင်ခဲ့ပါသည့်တိုင် သူကသာလျှင် တမြုံ့မြုံပြန်တွေးပြီး အရာအားလုံးကို တစ်ကနေ ပြန်စပြီးတော့ ခံစားချင်နေခဲ့ပါ၏။
YOU ARE READING
Frosted Flora | 凍える花
FanfictionWhat could spring bring to a frozen flower? Warmth or unwanted fever? Sung Hanbin x Zhang Hao