ဆောင်းဟန်ဘင်းကို ဧည့်ဆောင်ထံသို့ လိုက်ပို့ပြီးသည့်အခါတွင် တစ်ယောက်တည်း အနားယူချင်သည်ဟု ပြောလာခဲ့ပါသဖြင့် ဂျီအွန်းကလည်း တံခါးကို ဖွဖွလေး ပိတ်ပြီးတော့သာ ထွက်လာခဲ့ရလေ၏။
ဤရက်ပိုင်းအတွင်း၌ ဆောင်းဟန်ဘင်းက စိတ်ရောလူပါ ပင်ပန်းနေလိမ့်မည် ဖြစ်လေပြီး နောက်ရက်များဆိုလျှင် ဤထက်တောင် ပိုဆိုးသည့် ဒုက္ခများ ၊ ဖိအားများနှင့် ရင်ဆိုင်ရလောက်မည် ဖြစ်လေသည့်အတွက် ဒီတစ်ညလောက်ပဲဖြစ်ဖြစ် ငြိမ်းငြိမ်းချမ်းချမ်းလေး အနားယူအိပ်စက်သင့်သည် မဟုတ်ပါလား။
ထို့နောက်တွင်မူ ဂျီအွန်းက ဘာလုပ်ရင်ကောင်းမလဲ ဟု စဥ်းစားလိုက်ရင်း ဂယူဘင်းနှင့် သေချာ မတွေ့ရသည်မှာ ကြာမြင့်လှပြီ ဖြစ်လေသည့်အခါ ဂယူဘင်း ရှိလောက်မည့် နေရာကို သွားဖို့ ကြံစည်မိခဲ့ပါသည့်တိုင် သူ့ ညီဖြစ်သူက အိမ်ရှေ့စံမင်းသား၏ ကိုယ်ရံတော်ဖြစ်နေခဲ့ပါသဖြင့် အေးအေးဆေးဆေး သွားလည်လို့ ရသည်တော့ ဟုတ်မနေခဲ့။
အိမ်ရှေ့စံ၏ နန်းဆောင်ရှေ့သို့ ရောက်ခဲ့ပြီးနောက် တံခါးဝတွင် စောင့်ကြပ်နေပါသည့် ကုန်းကုန်းကို သူက ဂယူဘင်းနှင့် လာတွေ့ပါကြောင်း အကြောင်းကြားလိုက်သည့်အခါ တစ်ဖက်သားက အိမ်ရှေ့စံကို တင်ပြရန်အတွက် အတွင်းသို့ ဝင်သွားခဲ့ပြီး သိပ်မကြာခင်မှာပင် မျက်လုံးများကိုတောင် သေချာမမြင်ရလောက်အောင် ပြုံးရယ်လို့နေပါသည့် ဂယူဘင်းက ထွက်လာပါတော့သည်။
" အရှင့်သားက မင်းကို ဒီလောက် လွယ်လွယ်နဲ့ လွှတ်လိုက်တာလား "
" သူ ခဏနေရင် အိပ်ရာဝင်တော့မှာမလို့လေ "
ပေါ့ပေါ့ပါးပါးဖြင့် ပြုံးကာ ပြောလာသည့် ဂယူဘင်းက သူ့ကို မတွေ့ရသည်မှာ ကြာမြင့်နေပြီ ဖြစ်လေသည့်အလျောက် ပခုံးကို ဖက်ရင်း သာကြောင်းမာကြောင်း အရင်မေးလာခဲ့သည်။ ဂျီအွန်းက သာမန်အဖြေများကိုပင် ပြန်ဖြေလိုက်ပြီးနောက် ဂယူဘင်း၏ မျက်နှာကို သေချာကြည့်ရလေ၏။
ပခုံးပေါ်သို့ ဆံပင်များ ကျနေပါလျှင် ယားကျိကျိနိုင်ကြောင်း ငယ်ငယ်ကတည်းက ဂျီကျခဲ့ပါသည့် ဂယူဘင်းက အခုလည်း ဆံပင်ကို ခပ်မြင့်မြင့်မြှောက်စည်းထားခဲ့ပါသဖြင့် ကျောက်စိမ်းဖြူလိုမျိုး ဖြူဖျော့နေသည့် လည်တိုင်က အတိုင်းသား ပေါ်နေခဲ့လျက်သား။ ထို့အပြင် အိမ်ရှေ့စံ၏ ကိုယ်ရံတော်ဖြစ်ကြောင်း သိသာစေသည့် အနီရောင်ဝတ်ရုံကြောင့် ဂယူဘင်း၏ မျက်နှာက ပိုလို့တောင် စူးရှထက်မြက်ဟန် ပေါ်လို့နေသည်။
ČTEŠ
Frosted Flora | 凍える花
FanfikceWhat could spring bring to a frozen flower? Warmth or unwanted fever? Sung Hanbin x Zhang Hao