傷 | Injury

1K 145 8
                                    

လွန်ခဲ့သော နှစ်လ။

ဆောင်းဟန်ဘင်းဟာ စိတ်ထဲ၌ အတွေးပေါင်းများစွာကို ပိုက်ထားရင်း ခြေဦးတည့်ရာသို့ လျှောက်သွားနေခဲ့သည်။ သူ့ဝတ်ရုံများပေါ်၌မူ မကြာသေးခင်တုန်းကမှ ထွက်လာသည့် ဖျော်ဖြေရေးအိမ်တော်ထံမှ အမွှေးနံ့သာနံ့များနှင့် သေရည်အနံ့များက ထင်းစွဲကာ ကျန်ရစ်လို့နေဆဲ။ နှာခေါင်းတစ်ချက်ရှုံ့လိုက်ပြီးနောက် သက်ပြင်းတစ်ချက်ကပါ အလိုအလျောက် ထွက်လာခဲ့၏။

သူ့ခေါင်းတစ်ခုလုံးဟာ သူ့ဦးနှောက်ထဲ၌ မဆန့်နိုင်တော့သည့် အတွေးများကြောင့် တဆစ်ဆစ်တောင် ထိုးပြီး ကိုက်ခဲနေခဲ့လေပြီ။ မကြာသေးခင်ကမှ သေဆုံးသွားသည့် အဖေနှင့် ပတ်သတ်သည့် ကိစ္စများကိုတောင် ကောင်းကောင်းမစုံစမ်းရသေးသည့် အချိန်တွင် လက်ထပ်ပွဲကိစ္စကိုပါ တပူတိုးပြီး မျှတွေးနေရခြင်းက သူ့အတွက်တော့ တော်တော်ကြီး ဝန်လေးလွန်းပါ၏။

သာမန်လက်ထပ်ပွဲတစ်ခု မဟုတ်ကြောင်းတော့ ကလေးသွားမေးတောင် သိလောက်နေသည့်အတွက် သူ့ဘက်က ဟုတ်ကဲ့ ဆိုပြီး လွယ်လွယ်ခေါင်းညိတ်လိုက်လို့လည်း မရနေသလို ချက်ချင်းကြီးလည်း ငြင်းချပစ်လို့ ရမနေခဲ့။

ငြင်းချင်လျှင်လည်း သူ့ထံ၌ ငြင်းသင့်သည့် အကြောင်းပြချက် ကောင်းကောင်း လိုအပ်လိမ့်မည်ပင်။ အဖေ ဆုံးပါးသွားခြင်း ဆိုသည်မှာ သူ့အတွက် အချိန်ဆွဲဖို့ပဲ အသုံးချလို့ ရလောက်မည့် ဆင်ခြေတစ်ခု။ ဟွားမျိုးရိုးကို အပြစ်ပြုမိပါလျှင် သူ့အတွက် ဘာကောင်းကွက်မှ ဖြစ်မလာနိုင်ပါချေ။

မချစ်မနှစ်သက်သောလူနှင့် လက်ထပ်ထိမ်းမြားရခြင်းကလည်း ပြဿနာတစ်ခု ဖြစ်ပါသည့်တိုင် ချစ်ခင်နှစ်သက်သောသူက သူ့ကို လိမ်ညာလှည့်ဖြားသွားပြီး ရှောင်ဖယ်ထွက်ပြေးသွားခြင်းက ပိုလို့တောင် ကြီးမားသည့် ပြဿနာ ဖြစ်ပါလိမ့်မည်။

ဟာအို့အကြောင်းကို စဥ်းစားမိရုံဖြင့် မျက်ရိုးနေရာက ကိုက်လာခဲ့ပါသဖြင့် ဆောင်းဟန်ဘင်းဟာ လက်မနှင့်လက်ညှိုးကို သုံးရင်း မျက်ခုံးအရင်းနားကို ဖွဖွလေး ပွတ်လိုက်မိသည်။ စဥ်းစားလည်း အဖြေမထွက်နိုင်သည့် ဒွိဟဖြစ်စရာများအကြားမှ သူ ဘယ်အချိန်လောက်များ ရုန်းထွက်နိုင်လိမ့်မည်နည်း။

Frosted Flora | 凍える花Où les histoires vivent. Découvrez maintenant