ဘုရင်ဖြစ်သူနှင့် အိမ်ရှေ့စံကို နန်းချပြီးသည့် နောက်တွင် နန်းတွင်းအတွင်း၌ ပြဿနာအသစ်တစ်ရပ်က ပေါ်လာခဲ့ပြီး နန်းတွင်းသူ နန်းတွင်းသားများ၏ ပါးစပ်အတွင်း၌ စွဲနေသည့် စကားတစ်ခွန်းမှာကား "နောက်တက်မယ့် ဘုရင်အသစ်က ဘယ်သူများ ဖြစ်လာမလဲ" ဆိုသည့် အကြောင်းပင်။
သို့သည့်တိုင် ဤသည်မှာ အဆင့်နိမ့်ပါသည့် နန်းတွင်းသားများ၏ ပူပန်မှုသာ ဖြစ်လေပြီး အမတ်မင်းများကမူ ဆောင်းဟန်ဘင်းကို ဘုရင်မြှောက်တင်ဖို့အတွက် နေ့ကောင်းရက်မြတ်ကိုသာ ခေါင်းချင်းဆိုင်ပြီးတော့ ထိုင်ရွေးနေခဲ့ကြပါတော့သည်။ လက်ထပ်ပွဲကို အရင်လုပ်လျှင်ကောင်းမလား ၊ ဘိသိက်ခံယူပွဲကို အရင်လုပ်လျှင်ကောင်းမလားဟု ဆွေးနွေးကြအပြီး၌မူ အကောင်းဆုံးသော အဖြေအနေဖြင့် နှစ်ပွဲလုံးကို တစ်ရက်တည်း၌ တွဲကာ ကျင်းပရန် ဖြစ်သွားခဲ့လေသည်။ အစပျိုးကာ အကြံပေးခဲ့သူမှာတော့ ဆောင်းဟန်ဘင်းပင်။
အုပ်ချုပ်သူမရှိသည့် နန်းတွင်းက ထင်သလောက်တော့ ဗရမ်းဗတာ မဖြစ်ခဲ့ရ။ ပုန်ကန်မှုအပြီးတွင် မိဖုရားခေါင်ကြီးက နန်းတွင်းတစ်ခုလုံးကို အာဏာစက်ဖြန့်ထားခဲ့ပါသဖြင့် လူတိုင်းက အထိန်းအကွပ်အောက်တွင်သာ ရှိနေခဲ့သည်။
သူတို့၏ အဓိက ရည်ရွယ်ချက်ကတော့ ဆောင်းဟန်ဘင်းကို နန်းတင်ပေးပြီး နယ်စပ်တွင် ရှိနေသည့် ဒေသများထံမှ သယံဇာတများကို လိုသလို ငှဲ့ယူရန် ၊ ထို့အပြင် သယ်ယူပို့ဆောင်ရေးပိုင်းကို ပိုပြီးတော့ လက်ဝါးကြီးအုပ်ရန်ပင် မဟုတ်ပါလား။ မိဖုရားခေါင်ကြီး၏ မျိုးနွယ်ဘက်မှ ကုန်သည်များဆိုလျှင် ယခုကတည်းကတောင် အချိတ်အဆက်များကို လိုက်ပြီး ချိတ်ထားခဲ့လေပြီ။
ပြောရမည်ဆိုလျှင် ပုန်ကန်အပြီး အစီအစဥ်များက အင်မတန်ကို ဖြောင့်ဖြူးစွာဖြင့် ရှေ့ဆက်လို့နေခဲ့လေသည်။
အိမ်ရှေ့စံမင်းသားဟောင်း ဖြစ်သူ ဟန်ယူဂျင်းကိုတော့ မကွပ်မျက်ခဲ့ကြလေဘဲ ကိုယ်ရံတော်ဖြစ်သူ ဂယူဘင်းနှင့်အတူ နန်းတွင်းထဲ၌ အကျယ်ချုပ်ပုံစံ ချုပ်ထားခဲ့ကြလေ၏။ ဟန်ယူဂျင်းကတော့ တကယ်ကို ရုပ်သေးရုပ် အိမ်ရှေ့စံပီသလှစွာပင် ပြန်ပြီးတော့ တုံ့ပြန်ဖို့ရာအတွက် ဘာအာဏာမှ မရှိခဲ့ရှာ။
YOU ARE READING
Frosted Flora | 凍える花
FanfictionWhat could spring bring to a frozen flower? Warmth or unwanted fever? Sung Hanbin x Zhang Hao