憎しみ | Hatred

852 157 3
                                    

ဖခင်ဖြစ်သူ၏ စျာပနကို တစ်ဦးတည်းသော သားဖြစ်ပါသည့် သူကပဲ ဦးစီးဦးဆောင် လုပ်ခဲ့ရပါသည့်တိုင် ဘာမှတော့ လုပ်စရာ များများစားစား ရှိမနေခဲ့။ ဤအိမ်တော်၌ သူကလွဲ အခြားလူအကုန်လုံးက အသတ်ခံသွားရလေကြောင်း ပတ်ဝန်းကျင်က သိသွားပါသည့်အခါ သူ့ကို သနားသက်ညှာသလို မျက်လုံးများဖြင့် ငေးကြည့်နေခဲ့ကြလေ၏။

တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်သူ ဆိုသည့် ခေါင်းစဥ်က နည်းနည်းနောနော လေးပင်ခြင်းတော့ မဟုတ်ရပါချေ။ သူ ဝတ်ထားရသည့် အဖြူရောင် စျာပန ဝတ်စုံကို ငုံ့ကြည့်လိုက်ရင်းဖြင့် ဆောင်းဟန်ဘင်းဟာ ကွယ်လွန်သွားသူများအတွက် ပြင်ဆင်ထားသည့် သစ်သီးဝလံများကို အကြောင်သား စိုက်ကြည့်နေမိလျက်သား။

ဒီရက်ပိုင်းအတွင်း၌ သူ စိတ်နှင့်လူနှင့် လုံးလုံး မကပ်ခဲ့ပါချေ ၊ ဂျီအွန်းက ဘေးမှာနေပြီး သူ့ကို ထမင်းစားချိန် ၊ ရေချိုးချိန် စသည်ဖြင့် သတိပေးမနေခဲ့ပါလျှင် သူ ဘာကိုမှ မလုပ်မိဘဲ တွေတွေဝေဝေဖြင့်သာ ထိုင်နေမိလောက်ပါသည်။ ကံကောင်းထောက်မလှစွာဖြင့် သူ့ဖခင်ဖြစ်သူ၏ "မိတ်ဆွေ" များက စျာပနနှင့် ပတ်သတ်သည့် ကူညီစရာများကို အားတက်သရော ပါဝင်ပြီးတော့ ကူညီပေးခဲ့ကြလေသည်။

" စိတ်မကောင်းပါဘူး သခင်လေးဆောင်း "

၄ ရက်လောက် ထိုစကားလုံးများကိုပဲ ကြားနေခဲ့ရသည့်အခါ ဆောင်းဟန်ဘင်းဟာ သူ့နာမည်ကို ပြန်ကြားရလျှင်တောင် အန်ချင်စိတ် ပေါက်လာသည့် အနေအထားတစ်ခုထံသို့ ရောက်သွားခဲ့ရလေ၏။

သူ့ ဖခင်ဖြစ်သူအပေါ်၌ သူ သံယောဇဥ်အများကြီး မရှိခဲ့ပါကြောင်း ကျိန်ဆိုပြီးတော့ ပြောနိုင်ပါသည့်တိုင် ဤသည်မှာ သေသွားလျှင် မျက်ရည်မကျလောက်သည့် အနေအထားအထိတော့ မဟုတ်ရ။ ထို့အပြင် ဓားရေးနှင့် ခပ်ဝေးဝေးတွင် နေခဲ့ပါသည့် သူ့အတွက်တော့ လူသေအလောင်း မပြောလေနှင့် နေရာအနှံ့စီးကျနေသည့် သွေးစများကိုတောင် မမြင်ဖူးခဲ့ပါချေ။ ထို့ကြောင့် ဤအရာများအားလုံးက သူ့စိတ်ထဲ၌ အရိပ်မည်းကြီးတစ်ခုနှယ် ထင်းပြီးတော့ ကျန်ရစ်ခဲ့လေသည်။

Frosted Flora | 凍える花Où les histoires vivent. Découvrez maintenant