ဟာအိုက ရှန်ချွမ်ရွေ့ကို ဘယ်လိုမျိုး ဖျောင်းဖျလိုက်လေသလဲတော့မသိ ၊ နောက်တစ်နေ့မနက်တွင်မူ သူတို့ ခရီးထွက်ဖို့အတွက် ပြင်ဆင်ထားသည့် မြင်းရထားက သေရည်ဆိုင်အောက်တွင် စောင့်လို့နေခဲ့သည်။
ဒဏ်ရာအခြေအနေကြောင့် ဟာအို့ကို ခရီးမထွက်စေချင်လိုသေးကြောင်း ဆော့ဝူဟျွန်းက မှာနေပါသည့်တိုင် ဟာအိုကမူ ခေါင်းမာမာဖြင့်ပင် သူတို့ထံ၌ အချိန်သိပ်ပြီးတော့ မရှိပါကြောင်း ပြောလာခဲ့သောကြောင့် ဝူဟျွန်းခမျာ ဆေးကိုပဲ တင်းနေအောင် ကျပ်စည်းပေးရပါ၏။ ထို့နောက်တွင်မူ လိမ်းဆေးအချို့နှင့် ကြိုတိုက်ရမည့် ဆေးအချို့ကို ဟန်ဘင်း လက်ထဲသို့ ထည့်ပေးရင်းဖြင့် သေသေချာချာလေးကို မှာလာလျက်သား။
"ဒါကတော့ လိမ်းဆေး ၊ ကျပ်စည်းပေးဖို့အတွက် အဝတ်စအသစ်တွေလည်း သေချာလေး ထုပ်ပေးလိုက်တယ် ၊ ဟောင့်ကောကို ဂရုစိုက်ဖို့ မမေ့ပါနဲ့ ၊ အမှန်ဆို ဒီဒဏ်ရာတွေနဲ့က ခရီးမထွက်သင့်ပေမဲ့ ဒီမှာက သူ့ကို နိုင်အောင် ပြောနိုင်တဲ့လူ တစ်ယောက်မှ မရှိလို့လေ"
"ရှန်ချွမ်ရွေ့တောင်မှလား"
မျက်လုံးလေး ကလယ်ကလယ်ဖြင့် ပြောလာသည့် ဆောင်းဟန်ဘင်းကို ကြည့်ရင်း ဆော့ဝူဟျွန်းက ရယ်လိုက်ကာ လက်ခါပြလာသည်။
"ရှင်းမ်ချောင်းယယ်က သူ့ကောနဲ့ ရန်ဖြစ်ထားရင်တောင် ရေ ဆိုတာနဲ့ ရေအသင့် ခပ်ပြီး ရှေ့လာချပေးလောက်အောင် ကြောက်တာလေ၊ သြော် ကြောက်တယ်ဆိုတာထက် ချစ်ကြောက်ရိုသေလို့ ပြောရမယ်ပေါ့၊ သူတို့ မိသားစုက ဟိုးဘိုးဘေးဘီဘင်တွေ လက်ထက်ကတည်းက တော်ဝင်မျိုးနွယ်ကို သစ္စာစောင့်သိလာခဲ့ရတာဆိုတော့လည်း အဲဒီလို ဖြစ်နေတာက မဆန်းပါဘူး၊ မယ်မယ်ကိုယ်တိုင်ကလည်း ချောင်းယယ်နဲ့ သူ့အဖေကို ဟိုးအရင်ကတည်းက မှာထားတာ သူ့ သားတော်လေးကို စောင့်ရှောက်ပေးဖို့"
ဆော့ဝူဟျွန်း ပြောလာသည့် တော်ဝင်မျိုးနွယ်ဆိုသည်မှာ ဤနိုင်ငံမှ တော်ဝင်မျိုးနွယ်များတော့ မဟုတ်တန်ရာ။ ဟန်ဘင်း၏ မှတ်ဉာဏ်များကသာ သူ့ကို သစ္စာမဖောက်သွားခဲ့ပါလျှင် လွန်ခဲ့သည့် ၁၀ နှစ်တုန်းက "သေဆုံး" သွားခဲ့ရပါသည့် အိမ်ရှေ့စံမင်းသားဖြစ်သူဟာ တိုင်းတစ်ပါးမှ မင်းသမီးဖြစ်သူ ဖွားမြင်ထားသည့် ပထမဆုံး သားကြီး သြရသ ဖြစ်ခဲ့သည် မဟုတ်ပါလား။ လူမျိုးခြားဖြစ်ပါသည့်အတွက် အိမ်ရှေ့စံမင်းသား အရိုက်အရာ ခံယူထားရခြင်းအပေါ် မကျေနပ်ချက်တို့ ရှိခဲ့ကြပါကြောင်း သမိုင်းစာအုပ်များ၌ ဖတ်ခဲ့ရပါသည့်တိုင် လုပ်ကြံသတ်ဖြတ်ခံလိုက်ရအပြီး၌မူ ထိုမကျေနပ်ချက်များက တမဟုတ်ချင်း ပျောက်ဆုံးသွားကြသည်။
ESTÁS LEYENDO
Frosted Flora | 凍える花
FanficWhat could spring bring to a frozen flower? Warmth or unwanted fever? Sung Hanbin x Zhang Hao