တကယ်ကြီး ရွေးဖြစ်သွားလိမ့်မည်ဟု မထင်ထားပါသဖြင့် သာမန်လမ်းလျှောက်ထွက်သလိုမျိုးသာ လာခဲ့ပြီး မြင်းတောင် ပါမလာခဲ့သည့် ဆောင်းဟန်ဘင်းဟာ အပြန်တွင်လည်း ဟာအို့ကို ဘေးတွင် ထားရင်းဖြင့်သာ လူရှုပ်စပြုလာပြီ ဖြစ်ပါသည့် စျေးလမ်းကို ဖြတ်လျက် လျှောက်လာခဲ့ရသည်။
သူနှင့် ပခုံးချင်းယှဥ်ကာ လျှောက်မိမလို ဖြစ်သွားသည့် ဟာအို့ကို နောက်တွင် ပါလာသည့် ကိုယ်ရံတော်က ဟန့်တားသည့်အနေဖြင့် ပခုံးကို လှမ်းကိုင်လိုက်သည့်အခါ မတော်တဆဖြင့်ပင် သံပူကပ်ထားသည့် နေရာကို ထိမိသွားပါသဖြင့် မချိတင်ကဲ ညည်းသံသဲ့သဲ့လေးက ထွက်လာခဲ့ပြီး ဆောင်းဟန်ဘင်းလည်း တမဟုတ်ချင်း လှည့်ကြည့်မိသွားရလေ၏။ မရည်ရွယ်ပါသဖြင့် ကိုယ်ရံတော်က အနည်းငယ်မျှ အားနာသွားသော မျက်နှာမျိုး ဖြစ်သွားပါသည့်တိုင် ချက်ချင်း မျက်နှာက တင်းမာသွားလျက်သား။
" သခင်လေးနဲ့ ပခုံးချင်းယှဥ်ပြီး လျှောက်လို့ မဖြစ်တာ မသိဘူးလား "
လေသံခပ်ပြင်းပြင်းကြောင့် ဟာအိုက မျက်မှောင်တစ်ချက် ကြုတ်လိုက်ရင်းဖြင့် ခြေလှမ်းများကို နောက်သို့ ဆုတ်လိုက်ရန် ဟန်ပြင်လိုက်ပါသည့်တိုင် ဟန်ဘင်းက သူ့ လက်မောင်းကို လှမ်းကိုင်လာခဲ့သည်။
" ကိစ္စမရှိဘူး ၊ အတူတူ လျှောက်မယ် "
ဆောင်းဟန်ဘင်း၏ မထင်မှတ်ထားသော တုံ့ပြန်မှုကို ကြားလိုက်ရသည့်အခါ ကိုယ်ရံတော်ဖြစ်သူက ထိတ်လန့်သွားသလိုမျိုး လှမ်းကြည့်လာလျက်သား။
" ဒါပေမဲ့ သခင်လေး.. သူက "
" ဂျီအွန်းဟျောင်း "
လေသံက ညင်သာနေပါသည့်တိုင် ထိုနာမည်တစ်ခုတည်းကို ခေါ်လိုက်ခြင်းကပင် ဆောင်းဟန်ဘင်းက ဘယ်လိုသဘောမျိုးကို ဆောင်လေမှန်း နားလည်သွားခဲ့ပါသဖြင့် ဂျီအွန်းက ဘာမှ ဆက်မပြောတော့ဘဲ ခေါင်းငုံ့သွားခဲ့သည်။ ဟာအိုကမူ ကျေးဇူးတင်သလိုမျိုး သူ့ကို လှည့်ကြည့်ရင်းဖြင့် ခေါင်းလေးသာ ငုံ့ပြလာ၏။
ထိုကဲ့သို့ အမျိုးမျိုးအဖုံဖုံ ဖြစ်သွားခဲ့လေပြီးကာမှ ဘေးချင်းယှဥ်ပြီး လမ်းလျှောက်ခဲ့ရပါသည့်တိုင် ဟာအိုကမူ ဘာစကားမှ ပြောမလာခဲ့။ သို့သည့်တိုင် ဆောင်းဟန်ဘင်းက ရံဖန်ရံခါ လှည့်ကြည့်ပြီးတော့ အကဲခတ်မိလေသည့်အချိန်၌မူ သူက လမ်းဘေးမှ ဆိုင်ငယ်လေးများကို ငေးငေးမောမောဖြင့် ကြည့်နေခဲ့လေ၏။
YOU ARE READING
Frosted Flora | 凍える花
FanfictionWhat could spring bring to a frozen flower? Warmth or unwanted fever? Sung Hanbin x Zhang Hao