၁၉၄၀ ခုနှစ် ၊ တပိုတွဲလဆန်း ၁၂ရက်။
တစ်နှစ်တာ အရိပ်ပေးပြီးသော မိုးလုံးမှိုင်းခေါ် ဗာဒံရွက်များက လောကသဘာဝအိုမင်းရင့်ရော်ခြင်းကို ဆောင်လျက် အစိမ်းမှ အဝါ, ဝါမှ အနီသို့ ကူးပြောင်းနေလေပြီ။အလွမ်းဓာတ်ခံကို တနင့်တပိုးသယ်ဆောင်လာသည့် လေပြေညင်းက ထိုသစ်ရွက်ငယ်တို့အား လှုပ်ခြွေရိုက်ခတ်ဖြတ်ကျော်ကာ ညီဒေါန ရှိသော အခန်းငယ်သို့ တိုးဝှေ့လာကြ၏။
အဝါရောင် ချိတ်လိုင်းအကြီးကို အနက်ခံဖဲသားမှာထိုးထားပြီး တစ်ထွာခန့်ထပ်ဆင်ပါသော လုံချည်ဟာ သူကိုယ်ပေါ်တွင် ကျကျနန။အတွင်းခံဖောက်ထွင်း၍မြင်ရသော မှန်စာလက်တိုအင်္ကျီကို ပြေပြစ်အချိုးစားကျစေရန် ကြိုတင်စုဆောင်းထားသည့် အသားအိအိအဝတ်စတချို့ ထိုးထည့်လိုက်၏။နှစ်ဖက်ညီအောင် ညှိပြီးတာနဲ့ အသက်ရှူလိုက်တိုင်း မို့မောက်၍ လှုပ်ခတ်လာသည့်အခါ အမျိုးသမီးတစ်ဦးကဲ့သို့ ရှိုက်ဖိုကြီးငယ်အသွယ်သွယ်ဆိုသည့် ကဗျာဆရာများတင်စားတတ်သော စကားလုံးကိုရရှိသည်။ထို့ကြောင့် မိမိကိုယ်ကိုယ် မှန်ထဲပြန်ကြည့်ရင်း ကျေနပ်စွာပြုံးမိတဲ့အချိန် ပါးပြင်အထက် စံပယ်တင်မှဲ့ကလေးဟာ ပို၍ ထင်ပေါ်လာသယောင်။
ထမီပတ်ထားသောဗိုက်ပေါ်သို့ လက်နှစ်ဖက်ကို တင်ရင်း အသက်ကိုဝအောင်ရှူသွင်းလိုက်သည်။ခိုးကြောင်ခိုးဝှက်ပြင်ဆင်နေရသော်လည်း မှန်ထဲတွင် မိမိ၏ ပုံစံအမှန်ကို မြင်တွေ့နေရတာကြောင့် စိတ်၌ကြည်နူးပျော်ရွှင်နေ၏။ အမျိုးသမီးတစ်ဦးရဲ့ အသွင်၊ အမျိုးသမီးတစ်ဦးရဲ့ ဟန်။ ဒါတွေကို ညီဒေါနဘွား သိပ်ကို သဘောကျမြတ်နိုးမိပါသည်။ခန္ဓာကိုယ်၌ ပြင်ဆင်ပြီးသော် တိုတိတိ ဆံနွယ်တွေမှာ တစ်စုံတစ်ခုလိုနေတာ ခံစားမိတာနဲ့ ချက်ချင်းဆိုသလို ထမီရဲ့ တစ်ဖက်အနားစ ထောင့်စွန်းကို ဆွဲ၍ အိမ်ရှေ့သို့ထွက်လာလိုက်သည်။
ခြံစည်းရိုးမြင့်မြင့် ၊ အပင်အုံ့မှိုင်းမှိုင်းရှိသော ခြံဝန်းထဲမို့ အပြင်လူ မမြင်ရတာသေချာသဖြင့် သူ၏ ကိုယ်ဟန်မှာရဲရဲတင်းတင်း နွဲ့နွဲ့နှောင်းနှောင်း။ညင်သာသော ခြေလှမ်းများက ခြံ၏ အရှေ့တောင်ထောင့်အရပ်၌ ဇီဇဝါပန်းရုံကြီးဆီဦးတည်သွားသည်။အဖြူရောင်ပန်းပွင့်တွေ အများကြီး ဝေနေသည့်ထဲမှ ယနေ့မနက်တွင် အလုံးစုံပွင့်သည့် အဖြူဆုံး၊ အဖွေးဆုံးတစ်ပွင့်ကို ခူးကာ နားသယ်စတွင် ချိတ်လိုက်သည်။ဇီဇဝါ ရနံ့နဲ့အတူ သူတစ်ကိုယ်လုံးမှာလည်း ပန်းလေးတစ်ပွင့်ကဲ့သို့ ပြီးပြည်စုံသွားပြီဟု မှတ်ယူကာ ထပ်ပြုံးမိပြန်၏။
