မြို့ပြနှင့်ဝေးသော ညသန်းခေါင်ယံမှာ သာမန်ထက်ပို၍ တိတ်ဆိတ်ကာမှောင်မိုက်လွန်းလှသည်။တန်ခူးလေမှာ မိုးဓာတ်ပါ၍ ချမ်းစိမ့်စိမ့်ရှိနေရာဝယ် အညာစောင်ထူထူတစ်ခု သူ့ကိုယ်ပေါ်လွှမ်းလာ၏။
"အေးနေရော့လား ညီဒေါန "
"ဟုတ်ကဲ့"
"ကျုပ်ဘက်ကို တိုးခဲ့ပါ"
ပျဥ်ထောင်အိမ်၏ အပေါ်ထပ်မှ တစ်ခုတည်းသော အခန်းတွင် ဦးမင်းဥာဏ် လာတိုင်းနားလေ့ရှိသည်။တစ်ယောက်တည်းဆိုရင် ကျယ်လိမ့်မည်ဖြစ်သော သစ်သားခုတင်မှာ နှစ်ယောက်အတူအိပ်တော့ အနည်းငယ် ကြပ်သယောင်ယောင်။ထို့ကြောင့် ညီဒေါနက ထောင့်ကိုကပ်၍ ကွေးနေမိခြင်းဖြစ်သည်။
တစ်ထပ်ခြုံထားပြီးသားစောင်ပေါ် နောက်တစ်ခုလွှမ်းပေးရင်း ဦးမင်းဥာဏ်ကတိုးခိုင်းတာကြောင့် သူအသာကပ်လိုက်၏။အသားချင်းမထိသော်လည်း လူနှစ်ယောက်ရဲ့ ကိုယ်ငွေ့ကြောင့် အချမ်းဓာတ်သက်သာသွားသည်။
"ဦးမင်းဥာဏ်မှာ တပည့်တွေ သိပ်ပေါတယ်နော်"
"ဆိုပါတော့ ၊ ကျုပ်ကိုယုံကြည်အားကိုးတဲ့လူငယ်တိုင်း ကျုပ်စောင့်ရှောက်ပါတယ်"
"ကျွန်တော့်ကိုရော သူတို့လို အလုပ်ပေးပါလား ဦးမင်းဥာဏ်"
ပက်လက်လှဲနေရာမှ ကွေးကွေးလေးတစ်စောင်းလဲနေသည့် သူ့ဘက်သို့ ခေါင်းငှဲ့ကြည့်လာသည်။
"ငွေလိုသလား"
"မဟုတ်ပါဘူး၊ ဦးမင်းဥာဏ်ဆီမှာ ခိုလှုံရင် သူ့တာဝန်နဲ့သူရှိကြတယ်လေ၊ ဥပမာ ကိုငတိုးဆိုလည်း အချက်အပြုတ်၊နောက်ပြီး ကိုမိုးကြိုးတို့အဖွဲ့ ၊ သူတို့အလုပ်ကိုယ်စီရှိကြတယ်၊ ကျွန်တော်က ဒီအတိုင်းနေရတာ တစ်မျိုးဖြစ်လို့ပါ၊ ဦးမင်းဥာဏ်မှာ ဆန်စက်တွေရှိတယ်လို့လည်း ကြားပါတယ်၊ အဲ့ဒီမှာ ကျွန်တော့်ကို အလုပ်ပေးလို့ရမလားဗျ"
"ငတိုးက ငတိုး၊ မိုးကြိုးက မိုးကြိုး၊ မင်းက မင်းပဲ ညီဒေါန၊ ဒီ့ပြင်လူတွေနဲ့ဘာကြောင့်နှိုင်းသလဲ"
"ခင်ဗျာ"
"မောင်ရင့်အသွေးအမွှေးနဲ့ ကျုပ်ဘာတစ်ခုမှ မခိုင်းရက်ဘူး"
