🦊Chapter 13
Arc 2 - လူမှားလက်ထပ်မိခြင်း2.4 – ဒါက ကိုယ့်ရဲ့စီးပွားရေးလိပ်စာကဒ်
ရွှယ်လင် အကူစနစ်အား ဗလာသက်သက် စိုက်ကြည့်လိုက်သည်။
"ဒါက ဇာတ်ကွက်ရဲ့ တစ်စိတ်တစ်ပိုင်းလား"
အကူစနစ်၏ မျက်နှာသည်လည်း သဘာဝမကျလှပေ။ "အာ... အဲဒါက... မဖြစ်သင့်ဘူး..."
ရွှယ်လင်သည် ဖုန်းဆီသို့ ပြန်လှည့်သွားပြီး စုံထောက်နှင့် စကားဆက်ပြောလိုက်သည်။ "ပြန်ပေးဆွဲခံရတာလား၊ မင်း သူမကို ရှာနိုင်မလား"
"ရှာဖွေရမဲ့နယ်နိမိတ်က ကြီးလွန်းတယ်။ သူမ ပြန်ပေးဆွဲခံရတာ အချိန်အတော်ကြာနေပြီ ဖြစ်လောက်မယ်။ အဘွားကြီးက ကလေးမလေးကို မာကျောက် ကစားဖို့ခေါ်သွားခဲ့တယ်။ တစ်နေ့လုံး ဘယ်သူမှ သူမကို ဂရုတစိုက် စောင့်ကြည့်ပေးမထားတာကြောင့် သူမ ဘယ်အချိန်တုန်းက ပျောက်သွားမှန်း ဘယ်သူမှ မသိကြဘူး။ နောက်တစ်နေ့မှာ သူတို့က သူမကို တနေကုန် ရှာဖွေခဲ့ပေမဲ့ နောက်ထပ် နှစ်ရက်ကြာတဲ့အထိ ရှုယုံယီကို ပြောမပြရဲဘူး။ ရှုယုံယီလည်း အခု လိုက်ရှာနေပါပြီ"
ရွှယ်လင် သူ့မျက်လုံးများကို မှိတ်ထားလိုက်သည်။ ဒါက ဘယ်လိုအခြေအနေကြီးလဲ... ဂိမ်းရဲ့ခက်ခဲမှုက ရုတ်တရက် တိုးလာတာလား...
"သိပြီ၊ ဘာပဲဖြစ်ဖြစ် သဲလွန်စ ကူရှာပေးပါအုံး။ နောက်ဆုံးငွေပေးချေတာကို အခုပဲ ပို့ပေးလိုက်မယ်၊ ဒါကြောင့် သူတို့ကို ဆက်ပြီးစောင့်ကြည့်ထားဖို့ မမေ့နဲ့။ ရှုယုံယီပဲဖြစ်ဖြစ် ဒါမှမဟုတ် ပိုင်လုဇီပဲဖြစ်ဖြစ် သူတို့ရဲ့ လှုပ်ရှားမှုတွေကို ကျွန်တော့်ဆီ အချိန်နဲ့တပြေးညီ သတင်းပို့ပေးပါ"
"ကောင်းပါပြီ၊ မင်းက ပိုက်ဆံပေးထားတဲ့သူပဲ၊ မင်းပြောတဲ့အတိုင်း ငါလုပ်ပါ့မယ်"
ရွှယ်လင်သည် စုံထောက်နှင့် စကားပြောပြီးနောက် သူ့မေးစေ့ကို ပွတ်ကာ အကူစနစ်ကို မေးလိုက်သည်။ "ဒါက ဘယ်လိုဖြစ်သွားတာလဲ"
အကူစနစ်သည် တစ်ဖက်လူ၏ သေမင်းကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော အကြည့်အောက်တွင် ကို့ရို့ကားယား ရယ်မောလိုက်ပြီး ဘောလုံးတစ်လုံးကဲ့သို့ သူ့ကိုယ်သူ ကျုံ့ထားလိုက်သည်။