🦊Arc 6 Data In love
Chapter 91
6.16 – မင်းကို သွားခွင့်ပေးလိုက်ပြီး ဒီထက်ပိုအရေးကြီးတဲ့ အရာတွေကို နားလည်နိုင်အောင် အန်တီ ပြောပြတာပါ...မြင်ကွင်းက တိတ်ဆိတ်လွန်းသောကြောင့် ဖြစ်နိုင်သော်လည်း ထိုရယ်သံက ထူးထူးခြားခြား ကြမ်းတမ်းရက်စက်သည့်ပုံပေါက်နေသည်။ လူအတော်များများက ချိတ်ပိတ်ခံနတ်ဆိုးကို ခေါင်းမော့ကြည့်လိုက်ကြသည်။ ထိုနတ်ဆိုးက သူ့ပခုံးများကို တွန့်ရုံသာတွန့်လိုက်သည်
"ဆက်လုပ်ပါ... ဒီလောက်ကောင်းတဲ့ ပြဇာတ်ကို ပြီးအောင်မကပြရင် အရှက်ရစရာဖြစ်လိမ့်မယ်..."ဓားတစ်သောင်းဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်က အလွန်ဒေါသထွက်ကာ သွေးပင်အန်ချင်လာသည်။ သူ ရွှယ်လင်ကို လက်ညှိုးထိုးကာ အပြစ်တင်ဆုံးမလိုက်သည်။
"ဒီနေ့ မင်းရဲ့ လွဲမှားနေတဲ့လမ်းစဉ်ကို တကယ်ဆက်လျှောက်ချင်တယ်ဆိုရင်တော့ ငါ့ရဲ့ဓားတစ်သောင်းဂိုဏ်းက မင်းလိုတပည့်ကို အလိုမရှိဘူး... မင်းရဲ့ဆရာကို သစ္စာဖောက်ပြီး မင်းရဲ့ဘိုးဘေးတွေကို ဖျက်ဆီးခဲ့တဲ့အတွက် မင်းက ကျို့ကျိုးတစ်နယ်မြေလုံးရဲ့ ရွံရှာမုန်းတီးမှုကိုခံရလိမ့်မယ်...""ငါ့ဆရာကို သစ္စာမဖောက်ဘဲ ဘိုးဘေးတွေကို မဖျက်ဆီးရင် သူက ငါ့စွမ်းအားကို အငမ်းမရစားသောက်ပြီး ဒဏ္ဍာရီလာနတ်ဆိုးနဲ့တန်းတူ အာဏာအရှိဆုံး တည်ရှိမှုတစ်ခု ဖြစ်လာတဲ့အထိ စောင့်ရမှာလား..."
ရွှယ်လင်က ခေါင်းငုံ့ထားပြီး စွမ်းအားမရှိခြင်းကြောင့် ကွယ်ပျောက်လုနီးပါးဖြစ်နေသည့် ဟန်ဝူကျန်းကို ကြည့်လိုက်သည်။
"ငါ့ကို အလုပ်သင်တပည့်အဖြစ် လက်ခံခဲ့အချိန်တုန်းက သူ့စိတ်ထဲမှာရှိနေတာကို ငါ ရှင်းရှင်းလင်းလင်း သိတယ်... ပြီးတော့ မင်းရဲ့ဓားတစ်သောင်းဂိုဏ်းကိုလည်း ငါဂရုမစိုက်ဘူး..."အဝေးမှတစ်စုံတစ်ယောက်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။ ရွှမ်းမော့ဂိုဏ်း၏အကြီးအကဲသည် ပြုံးကာ သူ့မုတ်ဆိတ်မွေးများကို ပွတ်သပ်လိုက်သည်။
"ညီနောင်လေးပြောတာ မှန်တယ်... 'အလင်းအတွက် အမှောင်ကို စွန့်လွှတ်ပါ' ဆိုတဲ့ ဆိုရိုးစကားကို ဒီနေရာမှာ သုံးဖို့မသင့်တော်ပေမဲ့ ညီနောင်ရဲ့ အစွမ်းအစနဲ့ဆို တရားသောလမ်းစဥ်နောက်ကိုလိုက်ရင် အနာဂတ်ရှိမှာမဟုတ်ဘူး... ငါ့လိုမျိုး နတ်ဆိုးလမ်းစဥ်နောက်ကို လိုက်တာ ပိုကောင်းလိမ့်မယ်... သက်သေတစ်ခုအနေနဲ့ ချိပ်ပိတ်ခံနတ်ဆိုးလည်း ဒီနေရာမှာရှိနေတာကြောင့် အချိန်ကိုက်ပဲ..."