🦊Arc 7 - ကြက်ခြေခတ်ငါးလေး၏ဘဝ
Chapter 927.1 – ၎င်းသည် ဇာတ်ဆောင်ရှို့အတွက် လမ်းဖွင့်ပေးခြင်းဟု မဆိုလိုပေ။
သူမ လိုချင်သည့်ရလဒ်များ ရပြီးနောက် ရွှယ်လင်နှင့် ခဏလောက် စကားပြောပြီး ထွက်သွားခဲ့သည်။ ရွှယ်လင် သူ့ထိုင်ခုံတွင် ထိုင်နေခဲ့ပြီး သူ့ရှေ့ရှိအချိုပွဲများကို စိုက်ကြည့်ကာ စိတ်ရှုပ်ထွေးနေမိသည်။
ယခုအခါ သူ့လက်ကိုဆုပ်ကိုင်ထားပြီး သူနှင့်အတူ လိုက်ပါလာသည့် ကလေးမလေးတစ်ဦးသည် သူ့လုပ်ရပ်ကြောင့် သူမ၏မကျေနပ်မှုများကို ဖော်ပြနေသည်။
"သခင်လေး မဒမ်လော့ရဲ့တောင်းဆိုမှုကို ဘယ်လိုလုပ် သဘောတူနိုင်ရတာလဲ။ သူမက ဘယ်တုန်းကမှ သခင်ငယ်လေးကို သဘောမကျခဲ့ဖူးဘူး။ စေ့စပ်ကြောင်းလမ်းတာကို သဘောတူပေးဖို့ လော့မိသားစုကို သခင်လေး တောင်းဆိုကတည်းက သူမက သခင်လေးကို အရမ်းမုန်းနေခဲ့တာ။ နောက်ဆုံး သခင်လေးတောင်းဆိုတဲ့ စေ့စပ်ကြောင်းလမ်းမှုကို ရသွားပြီလေ။ ဒါကို အခု ဘာလို့ သခင်လေးရဲ့စိတ်က ထပ်ပြီးပြောင်းသွားရပြန်တာလဲ"
သူမ၏ဆူညံမှုကြောင့် ရွှယ်လင် ခေါင်းပင် ကိုက်လာသည်။ သူ စားပွဲပေါ်ရှိ အချိုပွဲကို ရှေ့သို့တွန်းပေးလိုက်ပြီး "အဲဒီနေရာမှာ ထိုင်ပြီးစားနေ။ မင်းပါးစပ်ကို အစားအစာတွေနဲ့ပဲ ဖြည့်ထားစမ်းပါ"
ကလေးမလေးသည် ဝမ်းနည်းစွာ နှုတ်ခမ်းစူပြပြီး သူမ၏ကြီးမားသောမျက်လုံးများဖြင့် အနည်းငယ် မျက်ဆံလှန်ပြလိုက်သည်။ ရွှယ်လင်၏မျက်နှာအမူအရာက အရုပ်ဆိုးသွားပြီး သူ့မျက်လုံးများအား မှိတ်ထားသည်ကို မြင်လိုက်ရပြီး နောက်ဆုံးတွင် သူမ စားသောက်ရန် နာနာခံခံဖြင့် ထိုင်လိုက်သည်။
သခင်လေးသည် အမှန်တကယ် ဒေါသထွက်နေပုံရသည်။ နောက်ဆုံးတွင် သူ့အနာဂတ် ယောက္ခမလောင်း၏ အထင်အမြင်သေးခြင်းကို ခံခဲ့ရပြီး ခက်ခက်ခဲခဲရရှိခဲ့သော အိမ်ထောင်ရေးစာချုပ်ကို ဖျက်သိမ်းဖို့ကိုတောင် သဘောတူလိုက်ပေပြီ -
သူတကယ်ကို ဝမ်းနည်းနေမှာပဲ...
တကယ်တမ်း ကမ္ဘာတိုင်း၌ ဖြစ်လေ့ရှိသည့် သူ့ဇာတ်ကောင်၏ လိင်အမျိုးအစားပြဿနာကို ရွှယ်လင် အကူစနစ်နှင့် ဆွေးနွေးနေခြင်းဖြစ်သော်လည်း အကူစနစ်သည် အထူး အပြစ်ကင်းစင်နေသည့်ပုံ ဖြစ်နေသည်။