🦊Chapter 66
Arc 5 - တော်ဝင်မင်းသမီးကို မှားယွင်းလက်ထပ်မိခြင်း
5.6 - ယခင်ဘဝတွင် အခေါင်းပေါက်ဖြစ်ခဲ့သောကြောင့် ဤဘဝက လုံးဝကိုကံဆိုးမိုးမှောင်ကျရခြင်းပင်..ကျန့်ကော်စစ်သူကြီးအိမ်တော်မှာ အလွန်တရာလျို့ဝှက်ဆန်းကြယ်လှသောနေရာဖြစ်သည်။ ကျန့်မိသားစုတွင် မိသားစုဝင်အများအပြားမရှိဘဲ ကျန့်ရှောက်ရှီးလက်ထက်အရောက်တွင်မူ သူတစ်ယောက်တည်းသာ ကျန်ရစ်ခဲ့ပေ၏။
ကျန့်ရှောက်ရှီးက သူရဲကောင်းငယ်လေးဖြစ်ပြီး စစ်တန်းလျားတွင် နေထိုင်ရခြင်းကိုနှစ်သက်၍ အိမ်ပြန်လာသည့်အချိန်က ကြုံတောင့်ကြုံခဲပင်။ အရွယ်ရောက်လာပြီးနောက်ပိုင်း သူ့အတွက် စီစဉ်ပေးမည့်မိဘများ မရှိလေရာ သူ့ထံ၌ ကိုယ်လုပ်တော်နှင့် ကြင်ယာတော်များမရှိရှာပေ။ ဝမ်ရမ်ဟုန် ဤမိသားစုနှင့်လက်ထပ်ပြီး ဝင်ရောက်လာမှ အနောက်ဆောင်၏တစ်ဦးတည်းသောဇနီးအဖြစ် ယူဆနိုင်ခဲ့သောကြောင့် အိမ်တော်တစ်ခုလုံး ဟောင်းလောင်းဖြစ်နေလေတော့သည်။
ယခုမူ စစ်သူကြီးအိမ်တော်တစ်ခုလုံးမှ လူတိုင်းက စစ်သူကြီးနှင့်သူ၏ဇနီးလေးအကြားတွငါ သဟဇာတမဖြစ်နေမှုကို သိရှိသွားကြလေပြီ...
သဟဇာတမဖြစ်ခြင်းဟု ယူဆ၍မရနိုင်သော်လည်း မင်္ဂလာခန်းဝင်သည့်ညက စစ်သူကြီးက သူ့ဇနီးအပေါ်စိတ်ဆိုးခဲ့ပြီး ထို့ကြောင့်ပင် သူ့ခမျာ တံခါးအပြင်ဘက်သို့သာနှင်ထုတ်ခံနေရခြင်းဖြစ်ပေသည်။
ဧကရာဇ်နှင့်တွေ့ဆုံပြီးပြန်လာသည့်နောက် အနောက်ဆောင်မှ သတင်းတစ်ခုထပ်ကြားရပြန်သည်။ ကြင်ယာတော်က နို့နံ့မစင်သေးသော လူငယ်လေးတစ်ယောက်ကိုခေါ်လာသည်ဟူ၍ပင်။ ထိုသူက အပြစ်ကင်းစင်၍ ချစ်စရာကောင်းသော်ငြား စကားပြောရသည်ကိုမနှစ်သက်ဘဲ နိုးလာသည့်အခါတိုင်း သူ့အနားပတ်ပတ်လည်မှလူများကို ဆဲရေးတိုင်းထွာနေတတ်သည်။ ကြင်ယာတော် သူ့အနားသို့ရောက်သွားမှသာ ဒေါသကပြေသွားတတ်ပြီး ပိုမိုပျော့ပျောင်းသွားတတ်သည်။
ယင်းက စစ်သူကြီးကို ဒေါသပုန်ထစေခဲ့၏။ ထိုသူက တစ်နေ့လုံး ရေခဲရိုက်ထားသည့်မျက်နှာဖြင့် ပတ်သွားနေခဲ့ပြီး စစ်သူကြီးအိမ်တော်တစ်ခုလုံးသည်လည်း ရှာလကာရည်အနံ့များဖြင့် ချဉ်စူးနေခဲ့လေသည်။