🦊Chapter 15
Arc 2 - လူမှားလက်ထပ်မိခြင်း2.6 – နောက်ဆုံးမှာ သူတို့ပြန်လာလိမ့်မယ်။
ရွှယ်လင်သည် အစကတည်းက အစီအစဉ်များ ဆွဲထားခဲ့သည်။
သူ့အမြင်အရ ကလဲ့စားချေမှုသည် စွမ်းအားကြီးသော ကျောထောက်နောက်ခံမရှိသည့် လူတစ်ယောက်အတွက် လုံးဝမဖြစ်နိုင်ပေ။ သူသည် တခြားကမ္ဘာမှ လာသည်ဆိုလျှင်တောင်မှ အကူစနစ်၏အကူအညီကို ရရှိရုံမှလွဲပြီး မှော်အတတ်ကို အသုံးမပြုနိုင်သည့် ယခုကဲ့သို့အခြေအနေမျိုး၌ သူသည် သာမန်လူတစ်ယောက်သာသာပင်။
သူ့နောက်ကွယ်၌ ခိုင်မာသည့်အရင်းအမြစ်များမရှိလျှင် မည်သည်ကိုမှလုပ်စရာအကြောင်းမရှိတော့ပေ။
တကယ်လို့ သူသာ ဤကမ္ဘာထဲသို့ စောစောရောက်လာခဲ့လျှင် သူသည် ဝမ်ကုမ္ပဏီ၌ အလုပ်လုပ်ရန် ကြိုးစားခဲ့ပေလိမ့်မည်၊ သို့သော် ကံမကောင်းစွာနှင့်ပင် သူရောက်လာသည်မှာ အလွန်နောက်ကျနေခဲ့သည်။ သူ့မိဘများသည် ဆုံးပါးသွားခဲ့ပြီဖြစ်ပြီး ဝမ်ရှို့ထင်လည်း ဘယ်တုန်းကမှ ကုမ္ပဏီကိစ္စများတွင် ပါဝင်ပတ်သက်ခြင်းမရှိခဲ့ပေ။ လမ်းခင်းပေးမည့်သူမရှိဘဲ ကုမ္ပဏီအတွင်းရှိ အမျိုးသားဇာတ်ဆောင်ကို ဖျက်ဆီးပစ်ရန်မှာ သူ့အတွက် အလွန်ခက်ခဲပေလိမ့်မည်။
ထို့ကြောင့် သူနှင့်သူ့အစ်မ၏ ရှယ်ယာများကို စွန့်ပစ်ကာ ငွေနှင့်လဲလှယ်ပြီး အစမှ နောက်တစ်ဖန်ပြန်လည် စတင်ရန် သူ့အတွက်သူ အခွင့်အရေးပေးခဲ့ခြင်းဖြစ်သည်။ ၎င်းသည် သူ့အစ်မနှင့် ဝမ်မော့တို့ကို တိုင်းပြည်မှ သူ ခေါ်ထုတ်လာရသည့် အကြောင်းရင်းလည်း ဖြစ်ပေသည်။
အမျိုးသားဇာတ်ဆောင်သည် ယခုအချိန်တွင် အနိုင်ရရန် အခွင့်အရေးများစွာရှိလေရာ လက်ရှိအချိန်တွင် သူ့အားရှောင်ရှားရန်သာ ရွေးချယ်နိုင်သည်။
ရွှယ်လင်က မလိုအပ်သော ထိခိုက်ဆုံးရှုံးမှုများကို အဖြစ်မခံချင်ပေ။
တိုင်းပြည်မှ သူ ထွက်သွားသရွေ့ သူ့အတွက် အဆုံးမဲ့သော အခွင့်အလမ်းများ ရှိနေသည်။ နှစ်အနည်းငယ်ကြာသည့်အချိန်တွင် မည်သူက အမှန်တကယ် စတင်လုပ်ဆောင်နိုင်ခဲ့ကြောင်းကို ပြောရခက်ပေလိမ့်မည်။