🦊Chapter 42
Arc 3 - ဖျော်ဖြေရေးလောက၏ လရောင်ဖြူလေး3.17
ယခင်ဘဝ၌ လင်းရိထံ 'မရည်ရွယ်ဘဲ' သူ့ကိုယ်သူ ရောင်းစားသည်ဖြစ်စေ၊ ဤဘဝ၌ သူ့ကိုယ်သူ 'ရည်ရွယ်ချက်ရှိရှိ' ရောင်းစားသည်ဖြစ်စေ ကွာခြားမှု အနည်းငယ်သာရှိသည်။ သူက အမြင့်ဆုံးဈေးပေးသူကို စောင့်ဆိုင်းကာ 'အချစ်စစ်' ဟူသော ခေါင်းစဥ်အောက်တွင် သူ့ကိုယ်သူ လင်းရိထံ ရောင်းချခဲ့သည်။ အခြားသူများ သူ့ကို လှောင်ရယ်နေကြသည်မှာ အံ့သြစရာမဟုတ်ပေ။
စွန်းကျန့်အန်း မည်သည်ကို တွေးနေမှန်း မသိသော်လည်း ထိုအဖြစ်အပျက်နောက်ပိုင်းတွင် သူ့အမူအရာက အမြဲတမ်း မှုန်ကုပ်ကုပ်နှင့် စိတ်ဓာတ်ကျနေခဲ့သည်။
"အမျိုးသားကြင်ယာတော်" ရိုက်ကူးမှုက အလွန်ချောချောမွေ့မွေ့ဖြစ်ခဲ့ပြီး ရွှယ်လင်ကလည်း နှစ်လအတွင်း သရုပ်ဆောင်ရမည့်ဇာတ်ကွက်အားလုံးကို အောင်မြင်စွာ သရုပ်ဆောင်နိုင်ခဲ့သည်။ သူက ရိုက်ကူးရေးအဖွဲ့သားများထံမှ လက်ဆောင်များစွာကို ထုပ်ပိုးပြီး ပင်ပန်းနွမ်းနယ်စွာ အိမ်ပြန်လာခဲ့သည်။
ထိုကာလအတွင်း ပိုင်ဟောက်က သူ့ထံ တစ်ကြိမ်လာရောက်လည်ပတ်ခဲ့ပြီး သူတို့ တစ်ညတာ အတူတူအချိန်ဖြုန်းခဲ့ကြပြီး နောက်တစ်နေ့တွင် ခွင့်တိုင်ကာ သူတို့ ထပ်မံမခွဲခွာမီ ပျော်ရွှင်စွာ အချိန်ကုန်ဆုံးခဲ့ကြသည်။
သူ့မိသားစုအခြေအနေက ယခင်အတိုင်းပင်။ အဘိုးပိုင် က သူ့မြေးငယ်လေးကို စကားစမြည်ခေါ်ပြောပြီး လင်းရိ၏အရေးကိစ္စနှင့်ပတ်သက်၍ ပိုင်ဟောက်က အရာအားလုံးကို ဖြေရှင်းပေးလိမ့်မည်ဖြစ်ကြောင်းနှင့် စိတ်မပူရန်ပြောကာ နှစ်သိမ့်ပေးခဲ့သည်။ ရွှယ်လင် ဘာမှစိတ်ပူစရာမလိုဘဲ သူ့ဇာတ်ကားများကို ရိုက်ကူးပြီး ထိုဇာတ်ကားများတွင် သရုပ်ဆောင်နေရုံပင်။
ဤသို့သောစိုးရိမ်မှုမျိုးက လွန်စွာအကျိုးရှိကြောင်း ရွှယ်လင် အမြဲလိုလိုတွေ့မြင်ခဲ့ရပြီး ပြုံးလျက်လက်ခံလိုက်သည်။ ထို့နောက် သခင်ကြီးပိုင်ကို နှစ်သိမ့်ပေးကာ ရယ်မောစေရန် အချိန်အနည်းငယ်ပေးကာ စကားပြောပေးခဲ့ပြီး ရေချိုးရန် သူ့အခန်းထဲသို့မဝင်မီ ယူလာခဲ့သော ရှေးဟောင်းစာအုပ်တစ်အုပ်ကို လက်ဆောင်ပေးခဲ့သည်။