🦊Arc 7 - ကြက်ခြေခတ်ငါးလေး၏ဘဝ
Chapter 1027.11
ရွှယ်လင် ခေါင်းညိတ်ကာ ပြဿနာမရှိကြောင်း ဖော်ပြလိုက်သည်။ယခုအချိန်တွင် အင်ပါယာသည် ရေနက်ပိုင်းရေသူများအကြောင်း များများစားစား မသိသေးပေ။ အချက်အလက်အများစုကို အင်ပါယာအစိုးရ၏ အထက်တန်းလွှာအဆင့်အကြီးအကဲများက ဖိနှိပ်ထားခဲ့သည်။ ယခုအခါ လော့ချန်သည် ဗိုလ်ချုပ်တစ်ဦးသာဖြစ်ပြီး အနာဂတ်အတွက် မျှော်လင့်အားထားရသည့် ပုဂ္ဂိုလ်ဖြစ်သော်လည်း သူ၏လုပ်ပိုင်ခွင့်နယ်ပယ်ကိုကျော်လွန်သည့် မည်သည့်အရာကိုမျှ သိနိုင်စွမ်းမရှိသေးပေ။
ဓာတ်ခွဲခန်းကို မဖယ်ရှားမရှင်းလင်းရသေးခင်တွင် လော့ချန်သည် မြေအောက်မြို့ထဲသို့ အကြိမ်ကြိမ် လျှို့ဝှက်စွာ ဝင်ရောက်ခဲ့သည်။ ရွှယ်လင်လည်း ထိုသို့ခန့်မှန်းထားသောကြောင့် သူ့အား ခေါ်ဆောင်သွားရန် တစ်ဖက်လူအား တောင်းဆိုခဲ့ခြင်းဖြစ်သည်။ မြေအောက်မြို့၌ သူ အခြားသော ပင်လယ်ရေနက်ပိုင်းရေသူတစ်ဦးနှင့် တွေ့ဆုံနိုင်လျှင် အလွန်အဆင်ပြေမည်ဖြစ်ပြီး ထိုနည်းအားဖြင့် သူ အသုံးပြုလို့ရမည့်လူ ပိုများလာပေလိမ့်မည်။
လွန်ခဲ့သောနှစ်ပေါင်းများစွာက ပင်လယ် ရေနက်ပိုင်းမှ ရေသူအများအပြားသည် စူးစမ်းလေ့လာရန် လူသားလောကထဲသို့ ခိုးဝင်လာခဲ့ကြပြီး သူတို့သည် မူလပိုင်ရှင်ကို အဆက်မပြတ် ရှာဖွေနေခဲ့ကြသည်။ ဤခန္ဓာကိုယ်၏ မူလပိုင်ရှင်သည် ပင်လယ်ထဲသို့ ပြန်သွားရန် အခွင့်အရေး မရှိခဲ့သော်လည်း နောင်ဖြစ်လာမည့်ဘေးအန္တရာယ်မှ အသက်ရှင်လွတ်မြောက်ရန် ပင်လယ်ရေနက်ရေသူများကို ရွှယ်လင် ကူညီရပေလိမ့်မည်။
ရေသူများသည် သမုဒ္ဒရာ၏စောင့်ရှောက်သူများဖြစ်ကြသည်။ ဒဏ္ဍာရီများအရ ပင်လယ်ရေနက်ပိုင်းရေသူများ၏ ဘိုးဘေးများသည် ကျော်ကြားသော ပင်လယ်နတ်ဘုရားဖြစ်ပြီး တော်ဝင်မျိုးရိုး၏မျိုးဆက်များတွင် သမုဒ္ဒရာကို ထိန်းချုပ်နိုင်သော ပင်လယ်နတ်ဘုရား၏စွမ်းရည် ပါရှိ၏။ တော်ဝင်မျိုးရိုး၏ နောက်ဆုံးအမွေဆက်ခံသူ ကွယ်လွန်သွားသည်နှင့် တစ်ပြိုင်နက် သမုဒ္ဒရာတစ်ခုလုံး ကမောက်ကမ ဖြစ်သွားလိမ့်မည်ဖြစ်သည်။ ထိုအချိန်တွင် ကြီးမားသောဘေးဒုက္ခသည် ရေသူများအပေါ်တွင်သာ ပို၍အကျိုးသက်ရောက်မည်ပင်။
သမုဒ္ဒရာသည် ပင်လယ်သေဖြစ်လာပြီး လူသားမျိုးနွယ်များသည် သမုဒ္ဒရာလေထု၏ လွှမ်းမိုးမှုအောက်တွင် တဖြည်းဖြည်း ပိုမိုဆိုးရွားသောအခြေအနေသို့ ကျဆင်းသွားပေလိမ့်မည်။
မှန်ပေ၏။ ထိုအရာအားလုံးအတွက် မရှိမဖြစ်လိုအပ်မှုသည် ပင်လယ်ရေနက် တော်ဝင်မျိုးရိုး၏ တိုက်ရိုက်ဆင်းသက်လာသော နောက်ဆုံးမျိုးဆက် ပျောက်ကွယ်သွားခြင်းပင် ဖြစ်သည်။