🦊Arc 7 - ကြက်ခြေခတ်ငါးလေး၏ဘဝ [END]
Chapter 108
7.17 – သူ ဒီနေရာမှာ ရူးကြောင်ကြောင်နဲ့ ဘာရပ်လုပ်နေတာလဲ
သုတေသနစမ်းသပ်ခန်းဖျက်ဆီးခံရမှုကြောင့် ဖြစ်ပေါ်လာသော ကြီးမားသည့်ဆူပူလှုပ်ရှားမှုသည် အင်ပါယာတစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သည်။
အင်ပါယာ စတင်ပြသပေးတော့မည့် ခေတ်သစ်ကို လူများစွာသည် ရှင်းရှင်းလင်းလင်း မြင်နေရပြီး အားလုံးမပြီးဆုံးမီ သူတို့လည်း ရှင်းလင်းခံရမည်ကို စိုးရိမ်သောကြောင့် တစ်ယောက်ပြီးတစ်ယောက် ဖွဲ့စည်းပုံတွင် စီတန်းနေရာယူလာကြသည်။ကံကောင်းထောက်မစွာဖြင့် မင်းသားသည် လူသတ်သမားမဟုတ်ပေ။ သူသည် ပုပ်ပွနေပြီး အတွင်းမှပြိုလဲတော့မည့် ဧကရာဇ်အင်ပါယာ နိုင်ငံတော်ကြီးကို ရှင်းပစ်ရန်သာ လိုလားခဲ့သည်။ သူ၏လုပ်ဆောင်ချက်များသည် အချိန်နှင့်တပြေးညီ ထိရောက်ကြောင်း သက်သေပြနိုင်ခဲ့သည်။ ဧကရာဇ်သည် မင်းသား၏ လုပ်ရပ်ကို အလွန်ကျေနပ်သဖြင့် ကိုင်တွယ်ဖြေရှင်းရန်ကိစ္စများကို မင်းသားထံ တဖြည်းဖြည်း လွှဲပြောင်းပေးလာသည်။
သိပ်မကြာခင်မှာပင် အရှင်မင်းသားသည် မြို့စားအိမ်တော်၏သခင်လေးနှင့် စေ့စပ်ခဲ့သည်။
မြို့စားအိမ်တော်က သူတို့၏ 'အစစ်အမှန်' သခင်လေးအား လူသိရှင်ကြား မိတ်ဆက်သည့်ညနေတွင် မင်းသားသည် ထိုနေရာ၌ပင် လက်ထပ်ခွင့်တောင်းခဲ့ပြီး နူးညံ့သိမ်မွေ့သော သခင်လေးသည်လည်း ချက်ချင်း သဘောတူခဲ့သည်။ စေ့စပ်ပွဲအခမ်းအနားသည် ခမ်းနားကြီးကျယ်ပြီး အင်ပါယာရှိ ပြည်သူများအကြားတွင် ရေပန်းအစားဆုံး ဆွေးနွေးမှု ခေါင်းစဉ်တစ်ရပ် ဖြစ်လာခဲ့သည်။မင်းသားသည် ယန်ချင်ကျွင်းကိုလက်ထပ်ပြီး ဧကရီရာထူးပေးလိုသောကြောင့် နန်းတက်ပြီးနောက် မင်္ဂလာပွဲကို ကျင်းပရန်စီစဉ်ထားသည်။ သူ ယန်ချင်ကျွင်းကို လေးလေးနက်နက် ချစ်ပုံရသည်။
ဗိုလ်ချုပ်ကြီးလော့သည်တော့ အနည်းငယ်အထီးကျန်နေရသည်။ မင်းသားလေး၏ စေ့စပ်ကြောင်းလမ်းမှု အမြန်နိဂုံးချုပ်သွားသည်နှင့် ယှဉ်လျှင် သူနှင့်ရွှယ်လင်တို့သည် အချိန်ကြာကြာ အတူရှိခဲ့ကြကြောင်း ထင်ရှားသော်လည်း သူတို့နှစ်ယောက်စေ့စပ်ရန် ရွှယ်လင်က လုံးဝ ငြင်းဆန်ခဲ့သည်။