[1]

27.8K 1.4K 209
                                    

[Zawgyi]

အုပ်ဆိုင်းထူထည်းသော တောအုပ်အတွင်းသို့ ဝသန်မိုးများ သွန်းကျလာသည်။ တထီးတည်း သီးခြားဖြစ်နေသည်မှာ ဆယ်ရက်နှင့် ခြောက်နာရီရှိနေပြီ ဖြစ်သည်။ အနက်ရောင်ဆံပင်များအား ပိုင်ဆိုင်သောမင်ဆော့သည် ယခုတော့ ချေစရာအစာပင် မကျန်ရှိတော့သော ဗိုက်အား တင်းကျပ်စွာဆုပ်ကိုင်၍ ဖြည်းဖြည်းချင်း ထိုင်ရာမှထလိုက်သည်။ စဲချိန်မပေးပဲ ရွာချနေသောမိုးကြောင့် နစ်နေအောင် ရွှဲစိုနေသော တီရှပ်သည် နဂိုကအဖြူရောင်ဖြစ်ခဲ့သည့် သဲလွန်စကိုရှာမတွေ့နိုင်တော့လောက်သည်အထိ ညစ်ပေနေခဲ့ပြီး ရွှံ့စေး၊ သစ်ရွက်အပိုင်းအစများဖြင့် ဗြောင်းဆန်အောင်ညစ်ပေနေသော ဘောင်းဘီသည်လည်း ပိဿချီ၍ လေးလံသလို ခံစားနေရသည်။ မြေကြီးထဲမှ ရေများစိမ့်ထွက်နေသကဲ့သို့ပင်၊ ဒယိမ်းဒယိုင်ဖြစ်နေသော ခြေလှမ်းများကိုလှမ်းလိုက်တိုင်းတွင် ခြေရာဗွက်အိုင်ငယ်များ ဖြစ်ပေါ်လာသည်။ မင်ဆော့သည် သတိမလစ်သွားခင်က အဖြစ်များကို မနည်းစဉ်းစားယူလိုက်ရသည်။ လေယာဉ်ပျံက ဘယ်ဘက်ကို ပျံသွားတာပါလိမ့်။

သေချာသည်ကတော့ စိတ်လက်ပေါ့ပါးစွာဖြင့်ပင် ထွက်ခွာလာခဲ့သော တရုတ်ခရီးစဉ်ဖြစ်သည်။ လူတိုင်းသွားနေကြသော လမ်းကြောင်းမှမသွားချင်၍ ကျောပိုးအိတ်တစ်လုံးနှင့်ခရီးထွက်သော လမ်းကြောင်းကိုရွေးခဲ့မိခြင်းသည် ပြဿနာအားလုံး၏ဇာစ်မြစ်ဖြစ်သည်။ တရုတ်ပြည်တောင်ပိုင်းဒေသအား ဖြတ်သန်းသွားချိန်၊ မင်ဆော့စီးလာသောကား၏ဘရိတ်ပေါက်သွားခြင်းမှ ဇာတ်လမ်းစပေတော့သည်။ ညည်းညူ၍ ခြေဟန်လက်ဟန်နှင့် ကားပြင်လိုက်ဦးမယ်ဟုပြောနေကြသော ဒေသခံလူနှင့်လမ်းပြတို့အား နောက်တွင်ထားခဲ့ပြီး အနီးပတ်ဝန်းကျင်တွင်တွေ့နေရသော သဘာဝရှုခင်းတို့အား လည်ပတ်ကြည့်ရှုနေလိုက်သည်။ အဆုံးအစမရှိ ကျယ်ပြန့်စွာမြင်တွေ့နေရသော တောကြီးဂနိုင်နှင့် ကန်ရေပြင်တို့က အခြားကမ္ဘာတစ်ခုကဲ့သို့ပင် ရင်သက်ရှုမောဖွယ် လှပနေခဲ့သည်။ ဒါသည်လည်း ခရီးသွားရခြင်း၏ ညှို့ဓာတ်တစ်ခုဟုခံယူကာ မင်ဆော့သည် မကျေမနပ်ဖြစ်မနေတော့ပဲ ဟန်းဖုန်းကိုထုတ်၍ အနီးပတ်ဝန်းကျင်တွင် ဓာတ်ပုံများရိုက်ကာ လှည့်ပြန်ရန်ပြင်လိုက်သည်။ ထိုအချိန်တွင်ဖြစ်သည်။ လမ်းကြောင်းကိုပင် ခန့်မှန်းရန် ခက်ခဲသောနေရာ၌ တစ်ခါမှမကြားဖူးခဲ့သော ထိတ်လန့်တုန်လှုပ်ဖွယ်ရာ အသံနက်ကြီးကိုကြားလိုက်ရသည်။ ရှည်လျားသော ကတော့ပုံစံဖြင့်ပျံသန်းလာသော အမြောက်သည် စီးလာသောကောက်ရိုးတင်ကားဟောင်းနှင့်အတူ လမ်းပြ၊ ထို့နောက်ဒေသခံလူတို့အား တရွတ်တိုက်သွားခဲ့သည်။ အုံးခနဲမြည်သော ပေါက်ကွဲသံနှင့်တပြိုင်တည်းပင် မင်ဆော့၏ခေါင်းနောက်ဘက်သို့ ပြင်းထန်သောတစုံတရာက အားပြင်းစွာ ဝင်ဆောင့်ခဲ့သည်။

Rainy SpellWhere stories live. Discover now