[13]

6.3K 583 84
                                    

[Zawgyi]

အတတ်နိုင်ဆုံး စိတ်အေးအေးထား၍ လေးက အောက်သို့ ဖြည်းဖြည်းချင်းငုံ့ကြည့်လိုက်သည်။ ခါးလယ်လောက်အထိ အထိန်းအကွပ်မရှိ သန်စွမ်းစွာပေါက်ရောက်နေသော မြက်ပင်များကြားတွင် ဖြောင့်မတ်စွာရပ်နေသော ထာအိုက အပေါ်သို့မော့ကြည့်လာသည်။ မည်သည့်ခံစားချက်ကိုမှ ရှာမတွေ့နိုင်သော သူ့မျက်လုံးများနှင့်ဆုံလိုက်ချိန်တွင် လေး ကြက်သီးများပင်ထသွားမိသည်။ သူက လေးနှင့် ရူဟန် ထိုအပေါ်တွင်ရှိနေသည်ကို အစတည်းက သိနေခဲ့သလိုပင် ဘာအမူအယာကိုမှဖော်ပြမနေသော မျက်နှာသေနှင့်ပင်ဖြစ်သည်။

" မင်းကရော ဒီမှာဘာလုပ်နေတာလဲ၊ အရုဏ်ကြီးကို"

လေးက အတတ်နိုင်ဆုံးလေသံကိုထိန်း၍ ပြန်မေးလိုက်သည်။

"အကုန်တွေ့လိုက်တယ်မဟုတ်ဘူးလား"

"လိမ်ဖို့စိတ်ကူးတောင်မရှိဘူးပေါ့"

"ကျွန်တော် လုပ်သင့်တာကို လုပ်တာဆိုတော့ လိမ်စရာမလိုပါဘူး။ ခင်ဗျားတို့ကရော.... ကျွန်တော့်ကို စောင့်ကြည့်နေကြတာလား"

"မင်းကို စောင့်ကြည့်စရာ အကြောင်းရှိနေလို့လား"

ထာအိုကပြန်မဖြေဘဲ လေးကို တည့်တည့်စိုက်ကြည့်လိုက်သည်။

ဒီနေရာကလူတွေ၏အကြည့်မှာ များသောအားဖြင့် ခပ်ဆင်ဆင်ပင်ဖြစ်သည်။ သာမာန်လူတွေက လူသတ်သမား၏မျက်လုံးဟု ခေါ်ကြသော ခြောက်ကပ်၍ အထီးကျန်ဆန်သောမျက်လုံး၊ သို့သော် ထိုမျက်လုံးတို့၏ နက်ရှိုင်းသောတစ်နေရာတွင် အိပ်မောကျနေသော ဘယ်လိုပင်စင်ကြယ်အောင်ဆေးဆေး မပြောင်စင်နိုင်သော မိမိလိပ်ပြာနှင့် သောကဝေဒနာတို့ရှိနေကြမြဲပင်။ သို့သော် ထာအို၏မျက်လုံးထဲတွင်တော့ ထိုခံစားချက်များကို ရှာမတွေ့နိုင်ခဲ့ပေ။ သူ့မျက်လုံးများက လူသတ်သမား၏မျက်လုံးဆိုသည်ထက်... လေးက မှတ်ဥာဏ်များကို ပြန်လည်စုစည်းလိုက်သည်။ တစ်ချိန်တုန်းက ထိုကဲ့သို့သောမျက်လုံးများကို မြင်ဖူးခဲ့လေသည်။ ငယ်စဉ်ကတည်းက သေချာစွာ လေ့ကျင့်သင်တန်းပေးထားသော ရန်သူဘက်မှတပ်သားငယ်တစ်ယောက်နှင့် ရှားရှားပါးပါးပင် ပက်ပင်းတိုးခဲ့ဖူးသည်။ ဘာတွေပဲဖြစ်နေဖြစ်နေ တွေဝေမှုတစ်ချက်မရှိဘဲ စစ်ဆင်ရေးအတွက်သာဆိုလျှင် မိမိအသက်ကိုပင် နှမြောမနေကြသောထိုတပ်သားတို့က ဘာကိစ္စပဲဖြစ်နေဖြစ်နေ မျက်နှာထားတစ်ချက်ပင် အပြောင်းအလဲမရှိကြပေ။ ခရစ်(စ်)ကတော့ ထိုလူတို့ကို အရုပ်တွေဟုအမည်ပေးထားသည်။

Rainy SpellWhere stories live. Discover now