[Zawgyi]
ညနေစောင်းမှ မိုးကအတန်ငယ်စဲသွားခဲ့သည်။ စခန်းအားဝန်းရံထားသော ချောင်းငယ်နှစ်ခုတွင် ရေတံခွန်များသဖွယ် ရေများပြည့်လျှံလာခဲ့သည်။ လေးဘက်လေးတန်တွင် မြည်ဟိန်းနေသော ရေသံတို့က မိုးခြိမ်းသံများအလား ပွက်လောရိုက်နေခဲ့သည်။ တစ်ကိုယ်လုံးချွေးများပြန်ကာ ခြေကုန်လက်ပမ်းကျသွားသော မင်ဆော့အားထားခဲ့၍ ရူဟန်ကအပြင်ဘက်သို့ခဏထွက်လာခဲ့သည်။ စားစရာနှင့် ရေစိုဝတ်အနည်းငယ် သွားယူမည့်အတွေးနှင့်ဖြစ်သည်။ စွတ်စိုနေသော ရွှံဗွက်အိုင်တို့အားဖြတ်၍ မျက်နှာချင်းဆိုင်တဲတွင်အိပ်ပျော်နေသော ဦးလေးဟွမ်းကို လှုပ်နှိုးလိုက်သည်။ ပေါ့ပေါ့ပါးပါးအဆာပြေနိုင်သည့် သစ်သီးခြောက်များရလာခဲ့သည်။ ပဝါသုံးလေးခုအား ရေစွတ်၍ တဲဆီသို့ပြန်လာသည့်လမ်းတွင် ရဲဘော်အချို့စုစည်း၍ အရက်ဝိုင်းဖွဲ့နေသည်ကိုတွေ့လိုက်ရသည်။ ထာအိုခေါ်လာခဲ့သောလူအချို့နှင့် နဂိုရှိနေခဲ့သောစခန်းသား သုံးလေးယောက်တို့ပင်။ ဘယ်အချိန်က အဲဒီလောက်တောင် ရင်းနှီးသွားတာပါလိမ့်။ ရူဟန်က ထိုမြင်ကွင်းကို အတန်ကြာ စောင့်ကြည့်နေမိခဲ့လေသည်။
နောက်တစ်ရက်မှစ၍ ရှုပ်ထွေးပွေလီလှသောနေ့ရက်တို့ စတင်ခဲ့သည်။ ဒီကြားထဲတွင် စခန်းပြောင်းရွှေ့နေရသဖြင့် နှောင့်နှေးခဲ့သော စစ်ရေးလေ့ကျင့်ခန်းများနှင့် စစ်ဗျူဟာချမှတ်ရေး အစည်းအဝေးများစသဖြင့် စခန်းပြုပြင်ထိန်းသိမ်းမှုများဖြင့် လက်မလည်နိုင်အောင်ရှိနေခဲ့သည်။ ရုံးချုပ်မှ လောလောဆယ် ညွှန်ကြားချက်မရှိသေးကြောင်းနှင့် တိုက်ပွဲအား ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် လှုပ်ရှားထားရန်ဟူ၍ ဆက်သွယ်လာသည်။ သတင်းရသောအခါ ခရစ်(စ်)က အဲဒီလိုဖြစ်မယ်ဆိုတာသိနေသည်ဟူသည့် မျက်နှာထားဖြင့် ဒီလိုဖြစ်တဲ့တူတူတော့ အပြစ်ပြောစရာမရှိအောင် ပြီးပြည့်စုံတဲ့ စစ်ဗျူဟာကို ဆွဲရအောင်ဟုပြောသည်။ ချန်းကတော့ ဘယ်တုန်းကရော ကောင်းကောင်းမွန်မွန် ညွှန်ကြားချက်ရဖူးလို့လဲဟု ပွစိပွစိရေရွတ်ကာ မြေပုံကို ဆွဲဖြန့်လိုက်သည်။
ဒီနေရာသည် တသီးတသန့်ဖြစ်နေခဲ့သည်။ တဖက်လှည့်ပြောရလျှင် ရန်သူ့စခန်းသည်လည်း တသီးတသန့်ဖြစ်နေသည်။ တစ်ဖွဲ့ချင်းစီ စစ်ထိုးရန်ဖြစ်နိုင်သော အခြေအနေဖြစ်သည်။ ထိုအချက်အားအသုံးချရန်စိတ်ကူးဖြင့် ခရစ်(စ်)ကနေ့စဉ်နေတိုင်း အကြံတွေထုတ်နေခဲ့သည်။ ရုံးခန်းထဲသို့ ဝင်သွားတိုင်းတွင် ချန်းကပြန့်ကျဲနေသောစာရွက်စာတမ်းများအား နေရာချနေရသဖြင့် အာရုံများနေသည်ကို တွေ့ရလေ့ရှိသည်။ ချန်းက လက်ညှိုးကိုနှုတ်ခမ်းနားသို့တေ့၍ အိပ်ပျော်နေသောခရစ်(စ်)ကိုညွှန်ပြလေ့ရှိသည်။ A-19 ဘက်ကိုသိမ်းဖို့ အစီအစဉ်ဆွဲနေတယ်ဟု ချန်းက ခပ်တိုးတိုး ပြောပြခဲ့သည်။ လက်ရွေးစင်တွေရွေးပြီး ပို့မယ်နဲ့တူတယ်၊ ရူဟန်ကခေါင်းညိတ်လိုက်သည်။ လက်ရွေးစင်များဆိုလျှင် ရူဟန်နှင့်လေးအပြင် အခြားရဲဘော်တစ်ယောက်နှစ်ယောက်ခန့် ပါဝင်မည်ဖြစ်သည်။
YOU ARE READING
Rainy Spell