Rainy Spell
Spin off : Way Back To You
[Zawgyi]
"အပြစ်သားနံပါတ် ၃၀၈၅၊ ရူဟန်၊ မှန်ပါသလား"
ရူဟန်က ခေါင်းညိတ်သည်။ တရားခံအပြစ်သားခုံတွင် ထိုင်နေခဲ့သော ချောမောကြည့်ကောင်းသည့် လူငယ်လေး၏ပုံရိပ်မှာ ယနေ့နှင့်ဆိုလျှင် ဒုတိယအကြိမ် အများရှေ့မှောက်မြင်ရခြင်းဖြစ်သည်။ မျက်နှာအမူအယာက အေးစက်တည်ငြိမ်နေခဲ့သော်လည်း ပင်ကိုချောသောရုပ်ရည်ကို မဖုံးကွယ်ထားနိုင်ခဲ့။ ထိုင်ကြည့်နေကြသူများ၏ တီးတိုးပြောဆိုနေကြသံကို မော့မကြည့်ဘဲနှင့်ပင် ကြားနေရသောကြောင့် ချန်းခပ်တိုးတိုး သက်ပြင်းရှိုက်မိသည်။
ရူဟန့်အား ပထဆုံးအကြိမ် တွေ့ဆုံခဲ့စဉ်က တအံ့တသြဖြစ်ခဲ့ရသည်ကို ဘယ်တော့မှ မမေ့နိုင်ခဲ့ဟု ချန်းကပြောဖူးသည်။ ထိုစကားကြောင့် ရူဟန်က ဟက်ခနဲရယ်ခဲ့သည်။ လူကိုသာကြည့်ပြီး မှားယွင်းအကဲဖြတ်သူများ များပြားခဲ့သည်။ လောကဓံနှင့် တစ်ကြိမ်မှ မကြုံမဆုံဖူးသလို နုရွချောမောသော ရူဟန်၏ရုပ်ရည်ကိုကြည့်၍ လူအတော်များများက အလှည့်စားခံရလေ့ရှိသည်။ လက်ဖြောင့်သမားတစ်ယောက်၏ တာဝန်များကို ထမ်းဆောင်ရသော ရူဟန်အတွက်တော့ အကြီးမားဆုံး အားဆုံးသာချက်များထဲမှ တစ်ခုပင်ဖြစ်သည်။
"မျက်နှာက ဘယ်လိုတွေဖြစ်တာလဲ"
ချန်း၏ လက်ကောက်ဝတ်များတွင် မည်သည့်အချုပ်အနှောင်ကိုမှ ရှာမတွေ့နိုင်ခဲ့။ အပြစ်သားဝတ်စုံကိုလည်း ဝတ်မထားဘဲ သက်တောင့်သက်သာရှိသော ချည်သားရှပ်အင်္ကျီတစ်ထည်ကိုသာ ဝတ်ဆင်ထားသည်။ ဖမ်းဆီးထိန်းချုပ်ခြင်း၏ သဲလွန်စတစ်စုံတစ်ရာ ရှာမတွေ့နိုင်သော ချန်း၏အပြင်အဆင်ကြောင့် ရူဟန်ကမျက်မှောင်အနည်းငယ်ကြုတ်မိသွားသည်။ ကောင်းကောင်းအနာမကျက်သေးသော ပြာနှမ်းနေသည့် ပွန်းပဲ့ရာများနှင့် မျက်နှာက တစစ်စစ်ကိုက်ခဲနေဆဲပင်။
"မနေ့တနေ့ကထက်စာရင် အများကြီးလျော့သွားတာ"
"ဘယ်လိုလုပ်များ...၊ ခရစ်(စ်)မျက်နှာတောင် ဒဏ်ရာတစ်ခုမရှိဘူး၊ မင်းမျက်နှာက ဘယ်လိုဖြစ်ရတာလဲ"
YOU ARE READING
Rainy Spell