ဘဝတွင် ပျော်ရွှင်ခဲ့ဖူးသော အချိန်များရှိခဲ့ဖူးရဲ့လား...၊
ရူဟန် မိမိကိုယ်ကို မေးခွန်းထုတ်မိသည်။ မိဘနှစ်ပါးလုံး ဆုံးပါးသွားခဲ့သည်က လွန်ခဲ့သည့်နှစ်နှစ်ခန့်က၊ အလယ်တန်း ကျောင်းသားလေးဖြစ်သော ရူဟန်တစ်ယောက် အလယ်တန်းအောင်ပြီးနောက် လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုအတွင်း ခြေချမိသည်ကတော့ လွန်ခဲ့သည့်ခြောက်နှစ်ခန့်က၊ ကိုးရီးယားတွင် ရန်ပုံငွေရှာခဲ့သည်က လွန်ခဲ့သောငါးနှစ်ခန့်က၊ တကယ်တမ်း စစ်ပွဲများတွင် တိုက်ပွဲစဝင်ခဲ့သည်ကတော့ လွန်ခဲ့သောတစ်နှစ်ခွဲခန့်ကဖြစ်သည်။
ဆယ့်လေးနှစ်ပြည့်သောနှစ်၏ နွေဦးတစ်ခုတွင်ဖြစ်သည်။ နေရောင်တို့က စူးရှကျိန်းစပ်နေသည်။ ကျောင်းပိတ်ရက်များ စတင်လာပြီး၊ ကျောင်းနောက်ဆုံးနေ့တွင် ကျောင်းမှ ဂုဏ်ပြုစာတစ်စောင် လက်ခံရရှိခဲ့သည်။ ချီးမွမ်းခံရတော့မည်ဟူသော မျှော်လင့်ချက်အပြည့်ဖြင့် အိမ်သို့ပြန်လာခဲ့သော်လည်း အိမ်တွင်ဘယ်သူမှရှိမနေခဲ့ပေ။ ဘယ်သွားနေကြတာပါလိမ့် ဟုတွေးရင်း အကျင့်ပါနေသောလက်က တီဗီကိုဖွင့်လိုက်မိသည်။ ထို့နောက်မြို့ထဲတွင် ဆန္ဒပြပွဲများဖြစ်ပေါ်နေကြောင်း သိလိုက်ရသည်။ လူမျိုးစုသီးခြားခွဲထွက်ရေး ဆန္ဒပြပွဲပင်ဖြစ်သည်။ ဒီနှစ်အတွင်းတွင် လေးကြိမ်မြောက်ဆန္ဒပြနေခြင်းဖြစ်သည်။ ရာချီသောလူထုကြီးက ကျယ်လောင်စွာအော်ဟစ်ရင်း ပြေးလွှားနေကြပုံက ဖန်သားပြင်ပေါ်တွင် ထင်ဟပ်လာသည်။ မထင်မရှား သေနတ်သံများ ကြားလိုက်ရသည်ဟု ထင်လိုက်မိချိန်တွင် တီဗီလိုင်းက ရုတ်တရက်ပြောင်းလဲသွားခဲ့သည်။ သတင်းတင်ဆက်နေရာမှ ဖျော်ဖြေရေးအစီစဉ်များသို့ ပြောင်းလဲပြသနေသည်။ ပေါ့ပါးသွက်လက်သော သီချင်းသံစဉ်များနှင့် တက်ကြွချိုမြိန်နေသာ အစီအစဉ်တင်ဆက်သူ၏အသံတို့ကြောင့် တခြားကမ္ဘာသို့ရောက်သွားသလိုပင် ခံစားလိုက်ရသည်။ တီဗီလိုင်းများကို ဟိုဒီလှည့်ကြည့်သော်လည်း သတင်းတင်ဆက်နေသောလိုင်းလည်းရှိမနေသလို၊ တိုက်ရိုက်ထုတ်လွှင့်နေသောလိုင်းများလည်း ရှိမနေပေ။ ရူဟန်က ငေးကြောင်စွာပင် ရီမုတ်ကိုကိုင်ထားသောလက်အား ပြန်ချလိုက်သည်။
YOU ARE READING
Rainy Spell