[9]

7.8K 618 36
                                    

[Zawgyi]

မိုးရေတို့ကြောင့် ပျော့ညံ့နေသေးသော မြေသားပေါ်တွင် ခြေရာများထင်ကျန်နေရစ်ခဲ့သည်။ လုံခြုံစိတ်ချရသော သစ်ပင်တစ်ပင်ပင်ပေါ်တွင် အကြိမ်ပေါင်းများစွာ ညကိုဖြတ်ကျော်ခဲ့ဖူးသော်လည်း မြေကိုနင်း၍တောအုပ်ကို ကျော်ဖြတ်သည့်အကြိမ်ကတော့ မရှိသလောက်ပင်။ ရူဟန်သည် ဝေးလံသောခရီးကို ပြန်လာရင်း မှောင်မိုက်သောတောနက်အတွင်း တောက်ပနေသောညမျက်လုံးအစုံတို့နှင့် နှစ်ကြိမ်တိုင်တိုင်ပက်ပင်းတိုးခဲ့သည်။ တစ်ကြိမ်က တိရစ္ဆာန်ငယ်ဖြစ်သော်လည်း နောက်တစ်ကြိမ်ကတော့ အသားစားတိရစ္ဆာန်ရိုင်းပင်ဖြစ်သည်။ ပစ္စတိုသေနတ်ကို သီးသန့်ယူလာမိသည်မှာ ကံကောင်းသွားလေသည်။ သွေးတို့ဖြင့် စွန်းကွက်ပေကျံနေသောအင်္ကျီမှ သွေးနံ့များကဝေ့လည်လာသည်။ မိမိ ဘယ်လိုပုံပေါက်နေပြီလဲကို မှန်းပင် မမှန်းကြည့်ချင်အောင်ပင်ဖြစ်သည်။

ခြေလှမ်းများက လေးလံထိုင်းမှိုင်းနေခဲ့သည်။ ပင်ပန်းသောကြောင့်တစ်ခုတည်းတော့ မဟုတ်ခဲ့ပေ။ ဒုဗိုလ်တစ်ယောက်အနေနှင့် တည်ငြိမ်အေးဆေးစွာ မတုံ့ပြန်နိုင်ခဲ့သောကြောင့် လိပ်ပြာမလုံနိုင်ခြင်းနှင့် အရပ်သားကိုသတ်လိုက်မိပြီဟူသည့် မိမိကိုယ်မိမိအပြစ်တင်စိတ်တို့က ပခုံးနှစ်ဖက်ကို ဖိစီးထားသည်။ ကမ္ဘာပျက်သလို ငိုရှိုက်နေခဲ့သောအမျိုးသမီး၏ငိုသံကို နားဝတွင်ကြားယောင်လာသည်။ လေးအားသတ်ရန်ပြင်နေသည့်အတွက် ရန်သူဟုယူဆနိုင်ပြီး အရက်မူးကာ ပုလင်းကွဲစကို ကိုင်၍ဝင်လုံးခဲ့သောကြောင့် လက်နက်ကိုင်ထားသည်ဟုလည်းစဉ်းစားနိုင်သည်။ သို့သော် အမျိုးသမီးချီပိုးထားသည့် ကလေး၏ ဆူညံစွာဟစ်ငိုလိုက်သံက ရူဟန့်နှလုံးသား၏ နက်ရှိုင်းသောနေရာတွင် အိပ်မောကျနေခဲ့သော အကြောင်းအရာများကို လှုပ်နှိုးလိုက်သလိုပင်။ ထိုကလေးငယ်သည် ယခု ဖခင်မဲ့သောကလေးငယ်တစ်ယောက် ဖြစ်သွားခဲ့လေပြီ။ ဟိုးတစ်ချိန်က မိမိကဲ့သို့ပင်။

ကြယ်တာရာတို့ဝန်းရံနေသော လခြမ်းငယ်ကိုမော့ကြည့်လိုက်သည်။ ထိုအရွယ်လောက်ဆိုလျှင် အရုဏ် ၂နာရီ၊ ရူဟန်က အချိန်ကိုခန့်မှန်းကြည့်လိုက်သည်။ ညနှင်းရည်စက်တို့ကျဆင်း၍ အေးစိမ့်စွာအနည်ထိုင်နေသော တောအုပ်ကြားကိုဖြတ်ကျော်လာသောအခါ သိပ်သည်းစွာပေါက်ရောက်နေသော နွယ်ပင်များဖြင့်ပြည့်နှက်နေသည့် လမ်းမြောင်တစ်ခုပေါ်ထွက်လာသည်။ မိမိရင်းနှီးနေသောထိုနေရာတွင် ရူဟန်သည် ကျင့်သားရနေသောလက်များဖြင့် လက်ချောင်းများကို နှစ်ကြိမ်သုံးကြိမ်ယှက်ကာ အချက်ပြလိုက်သည်။ ရင်းနှီးကျွမ်းဝင်နေသော အလင်းရောင်တစ်ခုက သုံးကြိမ်တိုင်တိုင် မှိတ်တုတ်မှိတ်တုတ် အချက်ပြန်ပြလာသည်။ ပထမအချက်က စခန်းသားအဖြစ် အသိအမှတ်ပြုသော အချက်ပြမီး၊ ဒုတိယအချက်မှာ စခန်းတွင်အန္တရာယ်ရှိမနေဟူသည့် အချက်ပြမီး၊ တတိယအချက်သည် ကြိုးမဲ့ရေဒီယိုဖြင့် အကြောင်းကြားပြီးပြီဟု အဓိပ္ပာယ်ရသော အချက်ပြမီးများဖြစ်သည်။ ပြန်ရောက်လာခဲ့ပေပြီ။ ရူဟန်သည် သက်ပြင်းတစ်ချက် ခပ်တိုးတိုးမှုတ်ထုတ်လိုက်မိသည်။

Rainy SpellWhere stories live. Discover now