[2]

11.5K 1K 97
                                    

[Zawgyi]

မင်ဆော့... မင်ဆော့ရေ... ခုထိအိပ်နေတုန်းလား... လွမ်းဆွတ်ဖွယ် အမေ့အသံက အိမ်တွင်း၌ ပဲ့တင်လာခဲ့သည်။ တစ်အိမ်လုံးသို့ သင်းပျံ့လာသော သရေကျဖွယ် ဟင်းရနံ့များက နှာခေါင်းဖျားတွင် ဝေ့သီဝေ့သီလုပ်နေကြသည်။ မင်ဆော့သည် အိပ်ချင်မူးတူးနှင့် မျက်လုံးများအား တစ်ဝက်လောက်ဖွင့်ကြည့်ကာ နွေးထွေးသော စောင်နှင့်အတူ ရင်းနှီးကျွမ်းဝင်နေသာ မိမိအခန်းပတ်ဝန်းကျင်အား သေသေချာချာ လှည့်ကြည့်လိုက်သည်။ အိပ်မက်တစ်ခုခု မက်နေခဲ့သလိုပဲ... ဝေဝါးနေသော ခေါင်းထဲတွင် ကောင်လေးတစ်ယောက်၏ပုံရိပ် ရေးတေးတေးပေါ်လာခဲ့သည်။ မင်ဆော့... အမေက လေသံကိုထပ်မြှင့်၍ခေါ်နေသည်။ မင်ဆော့သည် အလျင်စလို အိပ်ရာမှထ၍ မျက်စိတို့ကိုပွတ်လိုက်သည်။ လာပြီ မေရဲ့၊ အမေ့အား ခပ်ချွဲချွဲပြန်ဖြေကာ ဗီရိုထဲမှ ဂျင်းဘောင်းဘီနှင့် အဖြူရောင်တီရှပ်တို့အား ထုတ်ဝတ်လိုက်သည်။ ဘာအိပ်မက်မက်နေခဲ့တာပါလိမ့်... အိပ်မက် အကြောင်းအရာကို သတိပြန်ရရန် ကြိုးစားရင်း မီးဖိုချောင်သို့လှမ်းနေခဲ့သော မင်ဆော့သည် ရုတ်တရက် စိတ်သွားတိုင်း ကိုယ်ကမပါလာသည်ကို သတိထားမိလိုက်သည်။ ခြေထောက်တွင် လေးလံသောအလေးတုံးကြီးတပ်ထားသလိုပင် ခြေလှမ်းများမကြာခဏပင် နှေးကွေးလာခဲ့သည်။ ထူးဆန်းလိုက်တာ။ မျက်စိရှေ့တည့်တည့်တွင် အမေ့နောက်ကျောအားလှမ်းမြင်နေရသော်လည်း မင်ဆော့သည်အမေ့နားသို့ ချဉ်းကပ်၍မရနိုင်ပေ။ အမေ...၊ မင်ဆော့သည် အမေ့အားခေါ်ကြည့်သော်လည်း အမေကလှည့်မကြည့်ချေ။ အမေ့....၊ နောက်တစ်ကြိမ်ထပ်ခေါ်ကြည့်သော်လည်း မင်ဆော့အား တစ်ဖက်မှ မကြားရသကဲ့သို့ပင်။ တဖြည်းဖြည်းနှင့် ဘောင်းဘီက လေးလံလာပြီး ရှပ်အင်္ကျီက စိုစွတ်စွတ်ဖြစ်လာသည်ကို ခံစားနေရသည်။ လက်မောင်းအရေပြားမှတစ်ဆင့် ရေစက်များစီးကျလာခဲ့သည်။ မင်ဆော့သည် ရုတ်တရက်နေရာတွင်ရပ်၍ နောက်သို့ပြန်လှည့်ကြည့်လိုက်သည်။ မင်ဆော့လျှောက်လာခဲ့သောလမ်းတလျှောက်တွင် ခြေရာဗွက်အိုင်ငယ်များ ဖြစ်ပေါ်နေကြသည်။ ထိုခြေရာများ၏အဆုံး၌ အိပ်မက်ထဲတွင် တွေ့ခဲ့သောကောင်လေးက မိမိဆီသို့ဦးတည်လျက် သေနတ်အားချိန်ထားခဲ့သည်။

Rainy SpellWhere stories live. Discover now