[Zawgyi]
အဆုံးမရှိသော အစိမ်းရင့်ရောင်တောအုပ်နှင့်အတူ ပိတ်မှောင်နေသောနွယ်ပင်တို့က အဆုံးသတ်မည့်အရိပ်အယောင်မရှိပေ။ အလာတုန်းကလိုပင် သွားသည့်ခရီးက လူသွားသောလမ်းမှမဟုတ်ခဲ့ပေ။ သူတို့သည် တောက်လျှောက်ပင် တောအုပ်ကိုထိုးဖောက်၍တဖုံ၊ ထူထပ်သောချုံအုပ်များကြားမှ အသက်ပင်မရှူရဲဘဲတိုးဝှေ့၍တလမ်း ဖြတ်ကျော်ခဲ့ရသည်။ နောက်သို့အသာလှည့်ကြည့်လိုက်သောအခါ ထွက်လာခဲ့သောစခန်း မည်သည့်နေရာတွင် ရှိနေလဲ ခန့်မှန်း၍မရနိုင်အောင်ပင်ဖြစ်သည်။ ဒီတစ်ခါတော့ တစ်ယောက်တည်းလမ်းပျောက်နေခြင်းမဟုတ်၍ တော်သေးသည်ဟု မင်ဆော့တွေးလိုက်မိသည်။ တစ်ကိုယ်လုံးကိုင်ရိုက်ထားသလို ပင်ပန်းနေသော်လည်း သတိချပ်ထားရသောအာရုံကြောင့် အိပ်မငိုက်နေပေ။
မနေ့ညက တစ်ရေးနိုးကြီး စိတ်လှုပ်ရှားမှုကြောင့် သုံးလေးကြိမ်ပင် အိပ်ရာမှနိုးနေခဲ့သည်။ လေးဘက်လေးတန်မှကြားနေရသော ဟောက်သံတို့ကဆူညံနေသည့်အပြင် အရုဏ်တက်သည်နှင့် အိပ်ရာမှထရမည်ဟူသည့်အသိစိတ်ကြောင့် နှစ်ခြိုက်စွာအိပ်မပျော်နိုင်ခဲ့။ မင်ဆော့က ဒီလိုဆူညံသံတွေကြားမှာပင် နှစ်ခြိုက်စွာအိပ်ပျော်နေ၍ အသက်ရှူသံပင်သိပ်မကြားရတော့သောချန်းကို ငေးကြည့်နေရင်းမှ မျက်လုံးများကိုပြန်မှိတ်လိုက်သည်။ ခဏအိပ်ပျော်သွားသည်ဟုထင်လိုက်မိသော်လည်း ချန်းကပခုံးကိုလာလှုပ်၍နှိုးသည့်အချိန်ထိ ပြန်မနိုးခဲ့ပေ။ လျင်မြန်စွာပစ္စည်းများကိုသိမ်းလိုက်ပြီး ချန်းနှင့်နှုတ်ဆက်လိုက်သည်။ ချန်းက မင်ဆော့ကိုဖက်၍ အန္တရာယ်ကင်းကင်းနဲ့ရောက်အောင်သွားနော် ဟုပြောကာ ပခုံးကိုတစ်ချက်နှစ်ချက်ပုတ်လိုက်သည်။ အင်း၊ မင်းလည်းအန္တရာယ်ကင်းကင်းနဲ့ လာနော်၊ မင်ဆော့က ချန်း၏ပခုံးကို နဖူးနှင့် နှစ်ချက်သုံးချက်တိုက်လိုက်သည်။ ပိန်လွန်း၍ အရိုးကိုတိုက်မိသလိုပင်။ သို့သော် ခန္ဓာကိုယ်အနွေးဓာတ်ကတော့ သိပ်ကိုနွေးထွေးနေခဲ့သည်။ မင်ဆော့က ဒါသူငယ်ချင်းနှင့် နောက်ဆုံးနှုတ်ဆက်ခြင်းမဖြစ်ပါစေနှင့်ဟု ရင်ထဲမှဆုတောင်းလိုက်မိသည်။
YOU ARE READING
Rainy Spell