[Zawgyi]
မင်းကတော့ ဘယ်ဆီကိုများရောက်နေပြီလဲ...
"အဲဒီ လူနာအကြောင်း သိပြီးပြီလား"
"ဘယ်လူနာလဲ"
"ဟို...အခန်း (၅၀၆)မှာ အသစ်ရောက်လာတဲ့ ကောင်လေးလေ"
"အော်... သူလား၊ ဒါနဲ့ ဘာလို့ရောက်လာတာတဲ့လဲ"
"ကိုယ်ရေးကိုယ်တာကိစ္စကြောင့်လို့တော့ ပြောတာပဲ"
တိုးတိုးကြိတ်ကြိတ်ပြောနေကြသောအသံများ ခဏတာငြိမ်သက်သွားကြသည်။ ပန်းနုရောင်ယူနီဖောင်းအား အနည်းငယ်သပ်သပ်ရပ်ရပ်ဖြစ်အောင် ဆွဲဆန့်ရင်း အမျိုးသမီးသူနာပြုတစ်ဦးက မထူးဆန်းတော့သလိုပြောသည်။ တီဗီထဲမှာပါလာတဲ့လူတွေ ဒီနေရာကိုရောက်လာတာ တစ်ခါနှစ်ခါမှမကတော့တာ၊ မထူးဆန်းပါဘူး၊ စပ်စုမနေကြနဲ့၊ ကိုယ့်အလုပ်ကိုယ်လုပ်။ ထိုစကားအဆုံးတွင် ခေါင်းဆိုင်နေကြသော သူနာပြုသုံးလေးယောက်တို့က တကွဲတပြားစီ လူစုခွဲလိုက်ကြသည်။ သုံးလပိုင်းလယ်၊ နွေဦးမိုးစက်များကြား အေးမြသောလေပြည်တို့က ကြိုကြားကြိုကြား တိုက်ခတ်လာခဲ့သည်။ အပြင်ဘက်တွင် မှုန်ဝေဝေဖူးပွင့်နေသော တတိုင်းမွှေးပန်းတစ်ပွင့်က လေတစ်ချက်အဝေ့နှင့်အတူ ကြွေကျမြေခသွားခဲ့သည်။
ဆောင်းသည်လည်း သဘာဝတရားကြီးကို မလွန်ဆန်နိုင်ဘဲ ကုန်လွန်သွားခဲ့သည်။ မင်ဆော့အား ကြိုဆိုရန်ထွက်လာကြသော မိဘနှစ်ပါးသည် ပိန်လှီသွားသော သားငယ်ကိုမြင်သောအခါ ရင်ဘတ်စည်တီး ငိုကြွေးကာ မလွှတ်တမ်း ထွေးပိုက်ဖက်တွယ်ခဲ့ကြသည်။ လွမ်းဆွတ်ရသော်လည်း စိမ်းနေသေးသော မိခင်၏ရင်ခွင်ထဲတွင် မင်ဆော့သည် သတိလစ်မေ့မြောသွားခဲ့သည်။ အိမ်ပြန်ရောက်သောအခါ ရက်ပေါင်းများစွာ အိပ်ရာပေါ်လဲနေခဲ့သည်။ အသိစိတ်နှင့်မသိစိတ်တို့ ဆုံစည်းရာနယ်နိမိတ်တွင်တော့ ရူဟန်က လူးလွန့်ခေါက်ပြန် လွတ်လပ်စွာ သွားလာလှုပ်ရှားနေခဲ့သည်။ သူသည် နူးညံ့ကြင်နာစွာ မင်ဆော့ထံသို့ နှုတ်ဆက်စကားများပြောနေရာမှ ချက်ချင်းပင် စိမ်းကားသောမျက်နှာထားဖြင့် ကျောခိုင်းသွားလေ့ရှိသည်။ မပြီးဆုံးနိုင်တော့ဘူးဟုထင်ရသော အိပ်မက်ဆိုးများမှ တစ်ခါတစ်ရံနိုးထလာနိုင်ချိန်တွင် ဖုန်းပြောနေသော အမေ့စကားသံကို ကြားရလေ့ရှိသည်။ ဖုန်းမဆက်ပါနဲ့၊ အင်တာဗျူးမလုပ်ပါဘူး၊ ဟူသောစကားသံများအား အသိစိတ်တစ်နေရာမှ တစ်ပိုင်းတစ်စကြားနေခဲ့ရသည်။ သို့သော် စကားအားလုံးကို ဆက်စပ်၍အဓိပ္ပာယ်မဖော်နိုင်မီ အသိစိတ်တို့က မှောင်မိုက်သောနေရာတစ်ခုဆီသို့ ပျောက်ကွယ်သွားကြသည်။
YOU ARE READING
Rainy Spell