[Zawgyi]
ဆူညံစွာရွာသွန်းနေသော မိုးရေများထဲမှ အပြေးဝင်လာရင်း ချန်းက ဆံပင်များကိုခါပစ်လိုက်သည်။ မိုးက ပြန်လည် ရွာသွန်းနေပြန်ပေပြီ။ တောထဲတွင် မင်ဆော့ စစချင်း ဒုက္ခရောက်ခါစကလိုပင် မိုးကသည်းထန်လှသည်။ သိပ်မဝေးလှသောနေရာဖြစ်သော်လည်း ပခုံးတစ်ခုလုံး ရွှဲနစ်နေအောင် စိုသွားသည်။ ဟူး...သဲလိုက်တဲ့မိုး၊ ပွစိပွစိ ညည်းညူရင်း ဝင်လာသောချန်းက စိုရွှဲနေသောအင်္ကျီပေါ်သို့ပင် စောင်ကိုပတ်လွှမ်းလိုက်သည်။ မင်ဆော့က ပဝါအခြောက်တစ်ထည်ကိုယူ၍ ချန်း၏ဆံပင်များကိုခြောက်အောင် သုတ်ပေးလိုက်သည်။ ချန်းက ရင်ဘတ်ထဲတွင်ပိုက်လာသော ပလတ်စတစ်ဖြင့် ထုတ်ထားသည့် စားစရာများကိုနှိုက်ထုတ်နေသည်။ အသားခြောက်အနည်းငယ်နှင့် အခြောက်ခံထားသော အသီးများပါလာသည်။ မင်ဆော့သည် ရေဘူးတစ်ဘူးကို နှိုက်ထုတ်ပေး၍ နံရံဘက်သို့မျက်နှာမူကာ ပြန်လည်လှဲအိပ်လိုက်သည်။ ငါ မစားတော့ဘူး၊ မင်ဆော့၏စကားကြောင့် ချန်းမျက်လုံးများ ပြူးသွားသည်။ လှဲနေသောမင်ဆော့အား လှုပ်ယမ်း၍ အသားခြောက်ပဲဖြစ်ဖြစ် စားထားမှ တောင့်ခံနိုင်မှာ ဟု ကြိုးစားပမ်းစား မြူဆွယ်နေသည်။ မင်ဆော့သည် စားချင်စိတ်မရှိဘူးဟု ငြင်းနေရင်းနှင့် ချန်းက ခဏခဏ စကားလာပြောနေသောအခါ ချန်းဘက်သို့ ပြောင်း၍လှဲလိုက်သည်။ ဝိုင်းစက်နေသောမျက်ဝန်းတို့နှင့် နက်မှောင်သောမျက်ခုံးတို့က ချက်ချင်းဆိုသလိုပင် ငိုချတော့မလို ရှုံ့မဲ့နေကြသည်။ ဇဝေဇဝါနှင့် စိတ်ရှုပ်ထွေးနေကြသော အနက်ရောင်မျက်ဝန်းတို့ကို တွေ့လိုက်ရသည်။
" မင်း ဘာဖြစ်နေတာလဲ"
မင်ဆော့ ပြန်မဖြေနိုင်ခဲ့ပေ။ ကိစ္စရှိနေသည်ဟုလည်း ပြော၍မရသလို မရှိဘူးဟူ၍လည်း ပြော၍မရသောကြောင့်ဖြစ်သည်။ ဘယ်နေရာကစပြီး ရှင်းပြရင်ကောင်းမလဲ... မိုးရေစက်သံတို့က တဖြည်းဖြည်း ပြင်းထန်လာခဲ့သည်။ ဟိုးအဝေးတစ်နေရာတွင် မှောင်မိုက်သော ကောင်းကင်ယံမှ တဂျိမ်းဂျိမ်းမြည်သံများလည်း ကြားလိုက်ရသည်။ မိုးကတော့ တော်ရုံနှင့် တိတ်မည့်ပုံမပေါ်ခဲ့ပေ။
~•~•~•~•~•~•~•~•~•~
မိုးခြိမ်းသံများက နံရံသို့ပဲ့တင်လာသည်။ တဂျိမ်းဂျိမ်း မြည်သံတို့က လေးဘက်လေးတန်အား လှုပ်ယမ်းသွားစေတိုင်းတွင် တောအုပ်တစ်ခုလုံးနှင့် ပထဝီမြေကြီးအထိ လှုပ်ခါလာသည်ဟု ထင်နေရသည်။ သဲသဲမဲမဲသွန်းကျနေသောမိုးရေစက်သံတို့က မိုးခြိမ်းသံတို့နှင့် ရောထွေးနေကြသည်။ ရူဟန်သည် ပြတင်းအပြင်ဘက်သို့ တစ်ချက်ငေးကြည့်လိုက်သည်။ ပြင်းထန်စွာရွာသွန်းနေသော မိုးပုဆိန်ကြောင့် အမြင်အာရုံတို့ မှုန်ဝါးနေသည်။ ဒီလိုရွာနေမှတော့ တိုက်ပွဲပဲဖြစ်ဖြစ် နေရာစုံစမ်းတာပဲဖြစ်ဖြစ် ထွက်လို့ကိုရတော့မှာမဟုတ်ဘူး ဟုတွေးလိုက်ရင်း ခန်းဆီးကိုချလိုက်သည်။ အခန်းထဲတွင် ရုတ်တရက် အမှောင်ကျသွားသည်။ ထိုင်ခုံတစ်ခုကို မှီထိုင်နေသော လေးက စာအုပ်ဖတ်နေသည်ကိုရပ်ပြီး ရူဟန်ကိုစိုက်ကြည့်လာသည်။
YOU ARE READING
Rainy Spell