[Zawgyi]
ရွှီ....၊ တိတ်ဆိတ်ငြိမ်သက်နေသော အရုဏ်ဦးလေထုက အနည်းငယ် တုန်ခါသွားခဲ့သည်။ ငှက်အော်သံဟု ဆိုရအောင်လည်း အနည်းငယ် ပိုမိုရှည်လျား၍ ကြည်လင်ပြတ်သားသော အချက်ပေးအသံဖြစ်သည်။ သို့သော်လည်း မျှော်လင့်ထားသော အချက်ပေးသံကို ပြန်မကြားရပေ။ စိုစွတ်သောလေကြောင့် တဖျတ်ဖျတ်မြည်နေသော သစ်ရွက်တို့၏လှုပ်ခါသံနှင့် အိပ်တန်းထစပြုသော ငှက်အချို့၏ အတောင်ပံခတ်သံများကိုသာ ကြားနေရသည်။ ရူဟန်က မျက်ခွံများကိုမှိတ်၍ အသက်ပြင်းပြင်းတစ်ချက် ပင့်ရှုလိုက်သည်။ ထို့နောက် လက်မနှင့်လက်ညှိုးအားဝိုက်၍ နှုတ်ခမ်းဖျားသို့တေ့ကာ အတန်ကြာအောင် လေချွန်ထုတ်လိုက်သည်။
ရွှီ....တစုံတခုအား လောဆော်နေသကဲ့သို့သော လေချွန်သံက လေးဘက်လေးတန်သို့ ပဲ့တင်ထပ်သွားခဲ့သည်။ ထိုအချိန်မှ မျက်စိရှေ့သို့ လူတစ်ယောက်ပေါ်လာခဲ့သည်။ ဘေးပတ်ဝန်းကျင်အား ဂရုတစိုက်လေ့လာ၍ ကိုယ်နေကိုယ်ထားအား အနည်းငယ်နှိမ့်ထားသောသော ထိုလူသည် သတိအနေအထားဖြင့် ရှေ့သို့တဖြည်းဖြည်းတိုးလာခဲ့သည်။ သို့သော် မိမိနောက်ကျောတည့်တည့်၏ ကြီးမားသော ရင်းတိုက်ပင်သစ်ကိုင်း၌ ကားရားခွထိုင်နေသော လူတစ်ယောက်ကိုမူ သတိမပြုမိခဲ့ချေ။ ရူဟန်သည် သစ်ပင်၌ကိုယ်ကိုအားပြု၍ သေနတ်ဒင်အား ပခုံးတွင် မြဲမြဲတင်လိုက်သည်။ ထို့နောက် မျက်လုံးတစ်ဖက်ကိုမှိတ်၍ ပစ်မှတ်အကွာအဝေးအား ခန့်မှန်းလိုက်သည်။
တစ်... နှစ်...သုံး...
ဒိုင်း...၊ ကျယ်လောင်စွာ မြည်ဟိန်းသွားသော သေနတ်သံကြောင့် ရူဟန်က မျက်မှောင်ကြုတ်လိုက်သည်။ ချက်ချင်းဆိုသလိုပင် အပေါင်းအပါများ ဝိုင်းအုံလာတော့မည်ဖြစ်သည်။ နောက်မကျခင် လေးနှင့်ပြန်ဆုံမှဖြစ်မည်။ အလျင်စလို နောက်သစ်ပင်တစ်ပင်သို့ ခုန်ကူးရန်ပြင်လိုက်သော ရူဟန်သည် ခေတ္တတုန့်ဆိုင်းသွားပြီးနောက် သစ်ကိုင်းအားရစ်ပတ်နေသည့် နွယ်ပင်အားခို၍ အောက်သို့လျင်မြန်စွာ ခုန်ချလိုက်သည်။ လဲကျနေသောလူ၏ အိတ်ကပ်အတွင်းမှ မလိုက်မဖက်ရှိလှသော အရာတစ်ခု ပြူထွက်နေခဲ့သည်။ ထိုလူ၏ပစ္စည်းဟု ယုံကြည်နိုင်စရာမရှိသည့် နုနုရွရွရှိလှသော အမျိုးသားသုံး ပိုက်ဆံအိတ်နှင့် အစိမ်းရောင်နိုင်ငံကူးလက်မှတ်တို့ပင်ဖြစ်သည်။
YOU ARE READING
Rainy Spell