[16]

5.7K 555 54
                                    

[Zawgyi]

ထိုနေ့ညနေကတော့ အထွေအထူးကိစ္စမရှိခဲ့ဘဲ ကုန်ဆုံးသွားခဲ့သည်။ တိုက်ပွဲပြင်ဆင်မှုအတွက် အလုပ်တွေများနေခဲ့သော ရူဟန်လည်း ညဥ့်အတော်နက်မှ ပြန်ရောက်လာခဲ့သည်။ အိပ်မောကျနေမည့် မင်ဆော့နိုးသွားမည်စိုးသဖြင့် ခြေသံဖွဖွနင်းကာ အထဲဝင်လာခဲ့သော ရူဟန်က ကုတင်ပေါ်တွင်ထိုင်နေသော မင်ဆော့ကိုတွေ့သောအခါ ခဏတုန့်ဆိုင်းသွားခဲ့သည်။ ဘာလို့မအိပ်သေးတာလဲ၊ နူးညံ့ညင်သာသောအသံကို ကြားလိုက်ရသည်။ မင်ဆော့က ရူဟန်အားလှည့်ကြည့်ကာ မနည်းဟန်ဆောင်၍ပြုံးပြလိုက်သည်။ ပြန်လာပြီလား ဟုမေးလာသောလေသံက ညှိုးနွမ်းစွာ အက်ကွဲနေခဲ့သည်။ စိတ်လှုပ်ရှားနေသည့်ဟန်က သိသာထင်ရှားနေသောကြောင့် ရူဟန်ကမျက်မှောင်ကြုတ်လိုက်သည်။ တစ်ခုခုဖြစ်နေသည်မှာ သေချာနေခဲ့သည်။ ရူဟန်က မင်ဆော့၏ရှေ့တွင် မျက်နှာချင်းဆိုင်ထိုင်လိုက်သည်။ မခြောက်သွေ့သေးသော ရူဟန်၏ဆံနွယ်များဆီမှ ရေစက်များက မင်ဆော့၏လက်ခုံပေါ်သို့ တစက်စက်ကျလာခဲ့သည်။

"မင်းအခုတလော ထူးဆန်းနေပါလား။ ဘာဖြစ်လို့လဲ"

ဒီနေ့မှပင် မင်ဆော့သည် ရူဟန်၏မျက်ဝန်းတို့အား ရင်ဆိုင်ကြည့်ရန် ခက်ခဲနေခဲ့သည်။ အနုစိတ်ချယ်မှုန်းထားသလို သိမ်မွေ့နူးညံ့သော ကောက်ကြောင်းတို့နှင့် မျက်ဝန်းများထဲတွင် အကြင်နာတို့နှင့်ပြည့်လျှံနေခဲ့သည်။ ရူဟန်သည် ပုံမှန်အချိန်များတွင် စူးရှထက်မြက်၍ အထိမခံနိုင်သော မျက်နှာထားဖြစ်နေရာကပင် မင်ဆော့အားကြည့်သောအခါတွင်တော့ မျက်ဝန်းများက အရည်ပျော်မတတ် ဝေ့ညွတ်သွားလေ့ရှိသည်။ ထိုအကြည့်ကြောင့် ရင်များခုန်လာလေ့ရှိသော်လည်း ဒီနေ့ကတော့ ခက်ခဲသောအရာတစ်ခုကို တောင်းဆိုရမည်ဖြစ်သည်။ ခဏခဏပင် အကြည့်များလွှဲသွားသော မင်ဆော့ကြောင့် ရူဟန်က လက်ဖဝါးများဖြင့် မင်ဆော့၏ပါးပြင်နှစ်ဖက်ကို အသာအုပ်ကာ ပင့်တင်လိုက်သည်။

"ဂင်မင်ဆော့၊ ငါ့ကိုကြည့်စမ်း"

"............."

"ဘာလို့ တစ်ကိုယ်လုံးတောင့်တင်းနေတာလဲ။ ဘာဖြစ်လို့လဲ"

ညင်သာယုယသော စကားသံပင်ဖြစ်သည်။ ကျားနဲ့ပက်ပင်းတိုးလာသည့်နောက်မှစ၍ ရူဟန်ကမင်ဆော့အား အရင်ထက်ပို၍ ဂရုစိုက်လာခဲ့သည်။ ဒေါသထွက်ကာအော်ခဲ့မိသည်ကို စိတ်မကောင်းဖြစ်နေသောကြောင့်လားပင်မသိပေ။ ထို့ကြောင့်ပင် ပြောရမှာပို၍ ခက်ခဲနေခဲ့သည်။ မင်ဆော့က ရူဟန်၏မျက်ဝန်းများနှင့်ဆုံလိုက်သည်နှင့်တပြိုင်နက် အကြည့်လွှဲလိုက်မိသည်။ ထို့နောက် ရူဟန်၏လက်များအား အသာဆုပ်၍ပြန်ချလိုက်ပြီးနောက် စကားစလိုက်သည်။

Rainy SpellWhere stories live. Discover now